လက်ဘနွန်နိုင်ငံထဲကနေ အစ္စရေးရဲ့ မြေထဲပင်လယ် ဓာတ်ငွေ့တွင်းတစ်ခုသို့ ဦးတည်ခဲ့တဲ့ ဒရုန်း ၃ စင်းကို ဇူလိုင် ၂ ရက်က အစ္စရေးက ပစ်ချခဲ့ပြီး ဒရုန်းလွှတ်တာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ လုပ်ရပ်လို့ အစ္စရေးက စွပ်စွဲလိုက်ပါတယ်။
ကာရစ်ရှ် ဓာတ်ငွေ့တွင်းတူးစင် တည်ရှိရာနေရာနဲ့ စပ်လျဉ်းပြီး နှစ်နိုင်ငံကြားတင်းမာမှုတွေ ကြားမှာ လက်ဘနွန်က ချက်ခြင်း တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။
ရေကြောင်းနယ်နိမိတ်ကို သဘောတူဖို့ အမေရိကန်က ဖျန်ဖြေပေးရေး ကြိုးစားနေတာလည်း ကြာနေပါပြီ။
အစ္စရေးရဲ့ စီးပွားရေးရေပိုင်နက်အပေါ်က ဝေဟင်ပိုင်နက်ထဲ ဝင်လာတဲ့ ရန်လိုတဲ့ မောင်းသူမဲ့ ဒရုန်းယာဉ် UAV သုံးခုကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဒရုန်းတွေက လက်နက်တပ်ဆင်မထားဘူးလို့ အစ္စရေး လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောပေမယ့် စစ်တပ်က ချက်ချင်းအတည်မပြုခဲ့ပါဘူး။
ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်က ဒုံးကျည်ပစ်လွှတ်မှုနောက်ကွယ်မှာ ဟစ်ဇ်ဘိုလာတွေ ရှိနေတယ်လို့ စွပ်စွဲပါတယ်။
ဟဇ်ဘိုလာတွေဟာ လက်ဘနွန်နိုင်ငံအတွက် စီးပွားရေးနဲ့ ကြွယ်ဝချမ်းသာရေးမှာ မရှိမဖြစ် အရေးကြီးတဲ့ ပင်လယ်ရေကြောင်း နယ်နိမိတ်နဲ့ စပ်လျဉ်းတဲ့ သဘောတူညီချက် မရအောင် ဟန့်တားထားတယ်လို့လည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
စနေနေ့က ကြားဖြတ်ဟန့်တားမှုဟာ ဝင်လာတဲ့ ပစ်မှတ်ကို အစ္စရေးရေတပ်သင်္ဘောပေါ်မှာ တပ်ဆင်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကနေ ပထမဆုံးအကြိမ် ပစ်ချတာလို့ အစ္စရေး စစ်တပ်က ပြောခဲ့ပါတယ်။
လစ်ဗျားနိုင်ငံကနေ မြေထဲပင်လယ် လမ်ပီဒူဆာကျွန်းကို ဦးတည်မောင်းလာတဲ့ ဒုက္ခသည် လှေကြီးပေါ် လိုက်ပါလာတဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် ၇ ဦး၊ ကိုယ်အပူရှိန် လွန်ကဲမှုကြောင့် သေဆုံးခဲ့တယ်လို့ အီတလီ ရှေ့နေ့အဖွဲ့က ပြောပါတယ်။
အီတလီကမ်းခြေစောင့်တပ်ဖွဲ့က လူသူမရှိတဲ့ လမ်ပီဒူဆာကျွန်းရဲ့ ၁၈ မိုင်အကွာမှာ သန်းခေါင်ကျော်အချိန် လှေကြီးတစီးကို တွေ့ခဲ့ပြီး မီတာ ၂၀ ရှည်တဲ့ လှေထဲ ဒုက္ခသည် ၂၈၀ ကို ပြည့်ကျပ်ညပ် တင်ထားတာတွေ့ရှိခဲ့ပါတယ်။
ပင်လယ်ပြင်ရဲ့ ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို ခံခဲ့ရသူတွေကို ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။ သုံးဦးကတော့ လှေပေါ်မှာ သေနေပြီး၊ လေးဦးက ဆရာဝန်တွေ ကုသပေးချိန်မှာ သေဆုံးသွားပါတယ်။