မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း ဘေးကလွဲရွာအနီး ကြိုးတံတားချောင်းနားမှာ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၉ နာရီ ၄၀ မိနစ်က ဈေးထွက်ဝယ်သူ အမျိုးသားတယောက် မြေမြှုပ်မိုင်း နင်းမိ ခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
မော့ကနင်ကျေးရွာ၊ ကားဆိပ်ရပ်နေသူ အသက် ၅၉ နှစ်အရွယ် ဦးညွန့်ဝေဟာ ဆိုင်ကယ်စီးပြီး ဈေးဝယ်ထွက်ရာမှာ အဲဒီတံတားနားအရောက် မိုင်းနင်းမိတာကြောင့် ဘယ်ခြေထောက်ပြတ်ရှ ဒဏ်ရာရလို့ မော်လမြိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမား တဦးက ပြောပါတယ်။
အခု မြေမြှုပ်မိုင်းထောင်ထားတဲ့နေရာဘက်ကို အသွားလာမလုပ်ဖို့ စစ်ကောင်စီဘက်က ကန့်သတ်ထားပြီး အခုဆို ရေးမြို့နယ်ထဲမှာ မြေမြုပ်မိုင်းကြောင့် ဒေသခံ ၄ ယောက် ဒဏ်ရာရခဲ့ပြီး ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရေးမြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဘေးကလွဲရွာ၊ ကြိုးတံတားချောင်းအနီးမှာ ဇန်နဝါရီ ၃၀ ရက် မနက် ၁၀ နာရီလောက်က အမျိုးသားတယောက် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အသက် ၆၀ ကျော်အရွယ် နိုင်ကိုးမိုင်ဟာ ကြိုးတံတားချောင်းနားက သူ့ရဲ့ဥယျာဉ်ခြံမှာ ရေပိုက်လာပြင်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့တာကြောင့် ဘယ်ခြေထောက် ပြတ်တောက်ဒဏ်ရာ ရရှိခဲ့တာပါ။
မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ နိုင်ကိုးမိုင်ကို လမိုင်းဆေးရုံကနေ မော်လမြိုင် ကုတင် ၃၀၀ ဆေးရုံဆီ လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။
နိုင်ကိုးမိုင် မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ ကြိုးတံတားချောင်းမှာ စစ်ကောင်စီတပ်က ကင်းစခန်းချပြီး တပ်စွဲနေထိုင်နေတဲ့ နေရာတခုလည်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ် ကင်းစခန်းချထားတဲ့ နေရာနားမှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဆိုင်ကယ် မောင်းနှင်လာတဲ့ အမျိုးသား တဦး မြေမြှုပ်မိုင်း နင်းမိခဲ့တာကြောင့် လူအနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမဲ့ ဆိုင်ကယ်တစီးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။