close

မြေအောက်တော်လှန်ရေးအဖွဲ့

close

April 22, 2022

အမရပူရ မြေအောက်တော်လှန်ရေး လှုပ်ရှားနေသူ ၆ ဦး ဖမ်းဆီးခံရ

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီကို မြေအောက်တော်လှန်ရေးအသွင် လှုပ်ရှားနေသူ ၆ ယောက်  ဖမ်းဆီးခံထားရတယ်လို့ Truth Keeping Force-Amarapura က ထုတ်ပြန်ထားပါတယ်။

အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၁ ယောက်  ဧပြီ ၁၈  ရက်က တာဝန် ထမ်းဆောင်ရင်း ဆိုင်ကယ်နှစ်စီး၊ ကားတစ်စီး၊ လက်နက်ခဲယမ်းတချို့နဲ့ ဖမ်းဆီးခံရတာလို့ဆိုပါတယ်။

ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ထုတ်ဖော်မပြောချင်ပေမယ့် စစ်ကောင်စီက သတင်းထိမ်ချန်မှုတွေ၊ ရက်စက်ယုတ်မာ ကောက်ကျစ်မှုတွေနဲ့တကွ နောက်ယောင်ခံတာနဲ့ အကျပ်ကိုင်တာတွေ ပေါ်ပေါက်လာတာကြောင့် ထုတ်ပြန်တာဖြစ်တယ်လို့ Truth Keeping Force-Amarapura က ဆိုပါတယ်။

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း မြေအောက်တော်လှန်ရေး လှုပ်ရှားမှုတွေ ဆက်တိုက် ဖမ်းဆီးခံနေရပြီး ပစ်ခတ်ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။

11 mins Ago

January 12, 2022

ဖားကန့်၌ ၃ ရက်အတွင်း အင်တာနက်ပြန်ဖွင့်ပေးရန် ဖုန်းအော်ပရေတာများကို တော်လှန်ရေးအဖွဲ့ သတိပေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းက ဖုန်းအော်ပရေတာတွေကို ၃ ရက်အတွင်း အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးရမယ်လို့ ဖားကန့်မြို့ မြေအောက်တော်လှန်ရေးအဖွဲ့တွေက ဒီကနေ့ ရာဇသံပေးလိုက်ပါတယ်။

“ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ MPT, Mytel ,Telenor, Ooredoo ရုံးများအနေနဲ့ ဩဂုတ်လ ၂၀ ရက်နေ့ကတည်းက ဖြတ်တောက်ထားတဲ့ အင်တာနက်လိုင်းတွေကို ၃ ရက်အတွင်း ပြန်လည်ဖွင့်လှစ်ပေးဖို့  အသိပေးလိုက်တယ်” လို့ ဖော်ပြထားပါတယ်။ 

ဖားကန့်မြို့နယ်အတွင်း ဩဂုတ် ၂၀ ရက်ညပိုင်းက စတင်ကာ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့တာဖြစ်ပြီး အခုဆိုရင် ငါးလ နီးပါးရှိလာပါပြီ။

ဖုန်းအော်ပရေတာတွေအနေနဲ့ တောင်းဆိုချက်အတိုင်း မလိုက်နာပါက မြေအောက်တော်လှန်ရေးအဖွဲ့က လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်သွားမယ်လို့ အမည်မဖော်လိုတဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကျနော်တို့ပထမအဆင့်အနေနဲ့ အသိပေးအကြောင်းကြားတဲ့သဘောပါပဲ။ ဒါကိုမှ လက်မခံရင်တော့ ကျနော်တို့ဘက်က လုပ်သင့်လုပ်ထိုက်တာကို လက်တုံ့ပြန်သွားမှာပါပဲ။” 

ဖားကန့်မြို့နယ်တွင် MPT Mytel Ooredoo,Telenor  ဖုန်းအော်ပရေတာ လေးခုရှိပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်မှာ Mytel က အင်တာနက် ခဏဖွင့်ထားပေးပြီး ပြန်ပိတ်သွားတယ်လို့လည်း ဖားကန့်မြို့ခံတဦးက ပြောပါတယ်။

3 months Ago
Up