အိုင်ယာလန်က နာမည်ကြီး ယူတူး U2 အဖွဲ့က အဆိုတော် ဘိုနို နဲ့ The Edge တီးဝိုင်းအဖွဲ့ဟာ ကြိုတင်မကြေညာဘဲ ယူကရိန်းနိုင်ငံမြို့တော် ကီးယက်ဗ်မှာ မေ ၈ ရက်က ရောက်ရှိနေပါတယ်။
ရုရှားရဲ့ ဗုံးဒဏ်၊ အမြောက်ဒဏ်ကြောင့် ပျက်စီးနေတဲ့ ယူကရိန်းမြို့တော်နားက မြို့ငယ်တွေ ဖြစ်တဲ့ အေပင်၊ ဘိုရိုဒန်ကာနဲ့ ဘူချာမြို့တွေဆီကို သွားရောက်ကြည့်ရူ့ခဲ့ပါတယ်။
မေ ၈ ရက် အစောပိုင်းမှာ ဘိုနိုဟာ ကီယက်ဗ်က မြေအောက် ဘူတာမှာ ဖျော်ဖြေခဲ့ပါတယ်။
အေပင်မြို့မှာ ဘိုနိုက ရုရှားလက်အောက်ကနေ လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေကြတဲ့ ယူကရိန်းပြည်သူတွေရဲ့ သတ္တိကို ချီးကျူးစကား ပြောပါတယ်။
“ခင်ဗျားတို့ တိုက်ပွဲဟာ ကျနော်တို့ အတွက် တိုက်ပွဲလည်း ဖြစ်တယ်။ ယူကရိန်း တနိုင်ငံတည်း လွတ်မြောက်ရေးအတွက် တိုက်တဲ့ တိုက်ပွဲမဟုတ်ဘူး။ လွတ်မြောက်ရေးဆိုတာကို တန်ဖိုးထားတဲ့ လူတိုင်းအတွက် တိုက်နေတဲ့ တိုက်ပွဲဖြစ်တယ်။ ဒါကြောင့် ခင်ဗျားတို့ကို ကျေးဇူးတင်တယ်” လို့ ဘိုနိုက ပြောပါတယ်။
ဘိုနိုဟာ ဘိုရိုဒန်ကာမြို့ထဲမှာလည်း လမ်းလျောက်သွားရင်း သာမန်ပြည်သူတွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပါတယ်။
ရုရှားက ယူကရိန်းကို အခုလို ကျူးကျော်နေတာဟာ လူတယောက်တည်းက တိုက်တဲ့ စစ်ပွဲ ဖြစ်ပြီး ဒါကို ရုရှား မျိုးဆက်သစ် လူငယ်တွေကလည်း နားလည်မယ်လို့ ယုံကြည်တယ်လို့လည်း ဘိုနိုက ပြောပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးဟာ စနေနေ့က ကီယက်ဗ်မြို့ မက်ထရို မြေအောက်ရထား ဘူတာမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နိုင်ငံတကာသတင်းဌာနတွေက ဂျာနယ်လစ် တဒါဇင်လောက် တအံ့တသြ တက်ရောက်ခဲ့ကြပါတယ်။
ဒါဟာ ထင်မှတ်မထားတဲ့ သတင်းစာရှင်းလင်းပွဲတခုဖြစ်ပြီး သတင်းသမားတွေအတွက်ရော၊ အထူးသဖြင့် သမ္မတ ဇလန်းစကီး လုံခြုံရေးအတွက် သင့်တော်တဲ့ နေရာဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ သတင်းသမားတွေက ပြောပါတယ်။
ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်းသတင်းဌာနက သတင်းထောက် ကာနာရီလည်း သတင်းစာရှင်းလင်း ပွဲကို တက်ရောက်ခဲ့ပြီး ဒီလို သတင်းစာရှင်းလင်းပွဲမျိုးကို သူ့ဘဝမှာ ပထမဆုံး တက်ဖူးတာပဲလို့ ပြောပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဇလန်းစကီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် Antony Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin လွိုက်အော်စတင်တို့ တနင်္ဂနွေနေ့မှာ ယူကရိန်းကို ရောက်လာဖို့ ရှိကြောင်းနဲ့ ယူကရိန်းရဲ့ခုခံစစ်အတွက် အကြီးစား လက်နက်အကူအညီ ရရှိဖို့ မျှော်လင့်ထားတယ်လို့ အမှတ်မထင် ကြေညာသွားပါတယ်။