မြောက်ကိုရီးယားရဲ့ နောက်ဆုံး တိုက်ချင်းပစ်ဒုံးကျည် (ICBM) ပစ်လွှတ်မှု ဗွီဒီယိုကို နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ နိုဝင်ဘာ ၁၉ ရက်က ထုတ်လွှင့်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယာလက်နက်တွေအပါအဝင် သူ့ရဲ့ဒေသတွင်း လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်နေတဲ့ ဝါရှင်တန်ကို ပိုပြင်းထန်တဲ့ စစ်ရေးတုံ့ပြန်မှုတွေ သတိပေးပြီး နောက်တရက်မှာပဲ ဟွာဆောင်း-၁၇ တိုက်ချင်းပစ်ဒုံးကျည် ICBM ကို နိုဝင်ဘာ ၁၈ ရက်နေ့မှာ စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။
ဟွာဆောင်း-၁၇ ကို လွှတ်တင်ခြင်းမှာ ပစ်လွှတ်ဖို့ ပြင်ဆင်နေပုံနဲ့ အနီရောင်ခလုတ်ကို နှိပ်ထားပြီး စစ်သားတယောက်က “ပစ်” ဆိုတဲ့ အော်လိုက်သံနဲ့အတူ ဒုံးကျည်ပစ်လွှတ်လိုက်တဲ့ အခိုက်အတန့် တွေအပါအဝင် ဒရာမာတေးဂီတနဲ့ ဗွီဒီယိုပြုလုပ်ချက်တွေ ပေါင်းစပ်ထည့်သွင်းထားတဲ့ ဗွီဒီယိုထဲ မှာ သရုပ်ပြထားပါတယ်။
KRT အစီရင်ခံချက်မှာတော့ ကင်မ်ဟာ ဇနီး၊ သမီးတို့နဲ့အတူ ပစ်လွှတ်မှုကို ကြီးကြပ်ခဲ့ကြောင်း ပြထားပေမယ့် နိုင်ငံပိုင်ရုပ်မြင်သံကြားဟာ ကင်မ်ရဲ့မိသားစုကို ခဏတာ ထုတ်လွှင့်မှုကို ရပ်တန့်ခဲ့ပါတယ်။
အဲဒီဒုံးကျည်ဟာ ကီလိုမီတာ ၁၀၀၀ နီးပါး အကွာအဝေးကို ၆၉ မိနစ်လောက် ပျံသန်းခဲ့ပြီး အမြင့်ဆုံး အမြင့်ပေ ၆ဝ၄၁ ကီလိုမီတာကို ရောက်ရှိခဲ့ကြောင်း KCNA က ပြောကြားခဲ့ပါတယ်။
ဒီလက်နက်ဟာ ကီလိုမီတာ ၁ သောင်းခွဲလောက်အထိ ရောက်ရှိနိုင်ပြီး အမေရိကန်ပြည်ထောင်စု ကို ရောက်နိုင်လောက်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆူကာဇု ဟာမဒါ့ က ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့သမီး ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားမီဒီယာ တွေကဖော်ပြနေတဲ့ မကြာသေးခင်က မြောက်ကိုရီးယားအစိုးရပိုင် ရုပ်မြင်သံကြား ဗီဒီယိုဖိုင်ထဲက မိန်းကလေးတစ်ဦးကို ဘယ်သူဘယ်ဝါဆိုတာ ဆန်းစစ်နေတယ်လို့ တောင်ကိုရီးယား အစိုးရက စက်တင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
စက်တင်ဘာ ၈ ရက်က မြောက်ကိုရီးယားနိုင်ငံ တည်ထောင်မှု နှစ်ပတ်လည် အခမ်းအနားမှာ တခြားကလေးတွေနဲ့အတူ ဖျော်ဖြေခဲ့တဲ့ မိန်းကလေးဟာ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ သမီးလို့ တရုတ်ပညာရှင်တွေကို ကိုးကားပြီး တောင်ကိုရီးယား မီဒီယာတွေက စက်တင်ဘာ ၂၅ ရက် မှာ ဖော်ပြခဲ့တာပါ။ အဲဒီနောက်မှာ ထင်ကြေးပေးတာတွေ မြင့်တက်လာခဲ့ပါတယ်။
တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ဒီသတင်းတွေကို အသိအမှတ်ပြုပြီး ဗီဒီယိုဖိုင်ကို ခွဲခြမ်းစိတ်ဖြာနေတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ချိုဂျွန်းဟွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကင်မ်ရဲ့ သမီးဖြစ်နိုင်ခြေနည်းပါးပြီး ဒီသတင်းတွေကို အတည်ပြုဖို့ နည်းလမ်းမရှိဘူးလို့ ဝန်ကြီးဌာနက ပြောပါတယ်။
KRT သတင်းဌာနရဲ့ ဗီဒီယိုဟာ ကလေးအပေါ် စူးစူးစိုက်စိုက် အာရုံစိုက်ခဲ့ပြီး သူဟာ ဆံပင်မချည်ထားတဲ့ တစ်ဦးတည်းသော မိန်းကလေးပါ။
ကင်မ်ဂျုံအန်းရဲ့ ဇနီးရိဆိုးဂျူးဟာလည်း ဖျော်ဖြေပွဲအပြီးမှာ စကားပြောဖို့ မိန်းကလေးဆီ ချဉ်းကပ်လာတာ မြင်တွေ့ခဲ့ရပါတယ်။