မြောက်ကိုရီးယားရုပ်သံက ပြသခဲ့သည့် မိန်းကလေးကိစ္စ စိတ်ဝင်စားမှုမြင့်တက်နေ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့သမီး ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားမီဒီယာ တွေကဖော်ပြနေတဲ့ မကြာသေးခင်က မြောက်ကိုရီးယားအစိုးရပိုင် ရုပ်မြင်သံကြား ဗီဒီယိုဖိုင်ထဲက မိန်းကလေးတစ်ဦးကို ဘယ်သူဘယ်ဝါဆိုတာ ဆန်းစစ်နေတယ်လို့ တောင်ကိုရီးယား အစိုးရက စက်တင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
စက်တင်ဘာ ၈ ရက်က မြောက်ကိုရီးယားနိုင်ငံ တည်ထောင်မှု နှစ်ပတ်လည် အခမ်းအနားမှာ တခြားကလေးတွေနဲ့အတူ ဖျော်ဖြေခဲ့တဲ့ မိန်းကလေးဟာ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ သမီးလို့ တရုတ်ပညာရှင်တွေကို ကိုးကားပြီး တောင်ကိုရီးယား မီဒီယာတွေက စက်တင်ဘာ ၂၅ ရက် မှာ ဖော်ပြခဲ့တာပါ။ အဲဒီနောက်မှာ ထင်ကြေးပေးတာတွေ မြင့်တက်လာခဲ့ပါတယ်။
တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ဒီသတင်းတွေကို အသိအမှတ်ပြုပြီး ဗီဒီယိုဖိုင်ကို ခွဲခြမ်းစိတ်ဖြာနေတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ချိုဂျွန်းဟွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကင်မ်ရဲ့ သမီးဖြစ်နိုင်ခြေနည်းပါးပြီး ဒီသတင်းတွေကို အတည်ပြုဖို့ နည်းလမ်းမရှိဘူးလို့ ဝန်ကြီးဌာနက ပြောပါတယ်။
KRT သတင်းဌာနရဲ့ ဗီဒီယိုဟာ ကလေးအပေါ် စူးစူးစိုက်စိုက် အာရုံစိုက်ခဲ့ပြီး သူဟာ ဆံပင်မချည်ထားတဲ့ တစ်ဦးတည်းသော မိန်းကလေးပါ။
ကင်မ်ဂျုံအန်းရဲ့ ဇနီးရိဆိုးဂျူးဟာလည်း ဖျော်ဖြေပွဲအပြီးမှာ စကားပြောဖို့ မိန်းကလေးဆီ ချဉ်းကပ်လာတာ မြင်တွေ့ခဲ့ရပါတယ်။