ဝီဂါနဲ့ တခြားမွတ်ဆလင်တွေကို တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းမှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုမြောက်တယ်ဆိုတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂက ဆက်ပြီး အရေးယူဆောင်ရွက်ဖို့ မျှော်လင့်ထားတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော့လ်ကာ တက်ခ်ဟာ သူ့ရှေ့က ရာထူးဆက်ခံသူ မီရှဲလ်ဘာချေးလက်ဆီကနေ တာဝန်ကိုလွှဲမယူခင် ဩဂုတ်လက ထုတ်ပြန်ခဲ့တဲ့ ဒီအစီရင်ခံစာကို အရေးယူဆောင်ရွက်ဖို့ ကတိကဝတ်ပြုထားပုံရတယ်လို့လည်း Human Rights Watch အဖွဲ့က တီရာနာ ဟတ်ဆန်ကပြောခဲ့ပါသည်။
"ဒီကတိကဝတ်ကို အမှန်တကယ်လိုက်နာဖို့ သူခြေလှမ်းတွေလှမ်းနေတာကို ကျနော်တို့ မြင်ချင်ပါတယ်" လို့ ဟတ်ဆန်ကသတင်းထောက်တွေကို ပြောပါတယ်။
မွတ်ဆလင်အများစုနေထိုင်ရာ ရှင်ကျန်းပြည်နယ်မှာ ထင်သလို ခွဲခြားဆက်ဆံပြီး ချုပ်နှောင်ထား တယ်လို့ အစီရင်ခံစာထဲမှာ စွပ်စွဲထားပြီး လေ့ကျင့်ရေးနေရာတွေ၊ အကျဉ်းထောင်တွေ ဒါမှမဟုတ် ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရသူတွေအားလုံးကို လွှတ်ပေးဖို့ တရုတ်အစိုးရကို အကြံပြုထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တရုတ်နိုင်ငံရဲ့ မွတ်ဆလင်တွေအပေါ် ဆက်ဆံမှုကို အခြေအတင် ဆွေးနွေးဖို့ အနောက်နိုင်ငံတွေက ကမ်းလှမ်းခဲ့ပေမယ့် ဒီကြိုးပမ်းမှုကတော့ မအောင်မြင်ခဲ့ပါဘူး။
အကျယ်ချုပ်စခန်းတွေမှာ အတင်းအကျပ် လုပ်အားပေး ခိုင်းစေတာအပါအဝင် မွတ်ဆလင်အများစု နေထိုင်တဲ့ ရှင်းကျန်းပြည်နယ် အနောက်ပိုင်းဒေသမှာ လူနည်းစုဖြစ်တဲ့ ဝီဂါလူမျိုး ၁၀ သန်းလောက်ကို တရုတ်အစိုးရက အလွဲသုံးစား လုပ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။
တရုတ်ကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အမေရိကန်က စွပ်စွဲခဲ့တဲ့အပေါ် တရုတ်ပြည်မကြီး အစိုးရကတော့ ဘယ်လိုအလွဲသုံးစားမှုမှ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းက ဂျိုဒပူရ်မြို့မှာ မေ ၃ ရက်က အိဒ်ပွဲတော် ဝတ်ပြုပွဲတွေအပြီး ဟိန္ဒူဘာသာဝင်တွေနဲ့ မွတ်စလင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်လို့ ရဲတွေက နံပါတ်တုတ်တွေသုံးပြီး လူစုခွဲခဲ့ရပါတယ်။
ဟိန္ဒူနတ် ပါရှုရမ်ရဲ့ မွေးနေ့အထိမ်းအမှတ်အလံကို ဂျိုဒပူရ်မြို့ဝင်မုခ်ဦးမှာ လွှင့်ထူထားကာ အဲဒီနေ့မှာ မွတ်စလင်တွေက ရာမာဒန်ဥပုသ်လ ပြီးဆုံးချိန် အိဒ်ပွဲတော် ကျင်းပနေခဲ့ပါတယ်။
လူအုပ် ၂ စုဟာ မေ ၂ ရက်ကစပြီး ရုန်းရင်းဆန်ခတ်ဖြစ်လို့ ရဲတွေ ဒဏ်ရာရခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။
ပဋိပက္ခဟာ မေ ၃ ရက်မှာ ထပ်ဖြစ်ခဲ့ပါတယ်။ လတ်တလော သီတင်းပတ်တွေမှာ အိန္ဒိယရဲ့ အစိတ်အပိုင်း တော်တော်များများက ဘာသာရေးပွဲတွေအတွင်း လူများစု ဟိန္ဒူတွေနဲ့ လူနည်းစု မွတ်စလင်တွေကြား ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။
ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ (BJP) ပါတီဟာ လတ်တလောနှစ်တွေမှာ ဘာသာရေးအစွန်းရောက် အုပ်စုတွေကို ရဲဆေးတင်ပေးပြီး ဟိန္ဒူယုံကြည်မှုကို ကာကွယ်ဖို့ အကြောင်းရှာခိုင်းတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ဒါပေမဲ့ သူ့ပါတီကတော့ မိုဒီ အုပ်ချုပ်ချိန်အတွင်း လူ့အဖွဲ့အစည်းထဲမှာ တင်းမာမှု တိုးလာတယ်ဆိုတဲ့ အချက်ကို ငြင်းထားပါတယ်။
၂၀၂၀ အစောပိုင်းတုန်းက နိုင်ငံသားဥပဒေပြဋ္ဌာန်းချိန်က ဖိနှိပ်တဲ့အချက်တွေ ပါတယ်လို့ မွတ်စလင်တွေက ပြောရင်း အိန္ဒိယနိုင်ငံတဝန်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လို့ လူမျိုးရေးတင်းမာမှု ကျယ်ပြန့်လာပြီး လူဒါဇင်ချီ သေဆုံးခဲ့ပါတယ်။