close

ဝီဂါနှင့် မွတ်စလင်များအပေါ် တရုတ် ကျူးလွန်သည့်ရာဇဝတ်မှုများ အရေးယူရန် HRW တိုက်တွန်း

ဝီဂါနဲ့ တခြားမွတ်ဆလင်တွေကို တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းမှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုမြောက်တယ်ဆိုတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂက ဆက်ပြီး အရေးယူဆောင်ရွက်ဖို့ မျှော်လင့်ထားတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောပါတယ်။ 

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော့လ်ကာ တက်ခ်ဟာ သူ့ရှေ့က ရာထူးဆက်ခံသူ မီရှဲလ်ဘာချေးလက်ဆီကနေ တာဝန်ကိုလွှဲမယူခင် ဩဂုတ်လက ထုတ်ပြန်ခဲ့တဲ့ ဒီအစီရင်ခံစာကို အရေးယူဆောင်ရွက်ဖို့ ကတိကဝတ်ပြုထားပုံရတယ်လို့လည်း Human Rights Watch အဖွဲ့က တီရာနာ ဟတ်ဆန်ကပြောခဲ့ပါသည်။

"ဒီကတိကဝတ်ကို အမှန်တကယ်လိုက်နာဖို့ သူခြေလှမ်းတွေလှမ်းနေတာကို ကျနော်တို့ မြင်ချင်ပါတယ်" လို့ ဟတ်ဆန်ကသတင်းထောက်တွေကို ပြောပါတယ်။

မွတ်ဆလင်အများစုနေထိုင်ရာ ရှင်ကျန်းပြည်နယ်မှာ ထင်သလို ခွဲခြားဆက်ဆံပြီး ချုပ်နှောင်ထား တယ်လို့ အစီရင်ခံစာထဲမှာ စွပ်စွဲထားပြီး လေ့ကျင့်ရေးနေရာတွေ၊ အကျဉ်းထောင်တွေ ဒါမှမဟုတ် ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရသူတွေအားလုံးကို လွှတ်ပေးဖို့ တရုတ်အစိုးရကို အကြံပြုထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တရုတ်နိုင်ငံရဲ့ မွတ်ဆလင်တွေအပေါ် ဆက်ဆံမှုကို အခြေအတင် ဆွေးနွေးဖို့ အနောက်နိုင်ငံတွေက ကမ်းလှမ်းခဲ့ပေမယ့် ဒီကြိုးပမ်းမှုကတော့  မအောင်မြင်ခဲ့ပါဘူး။

အကျယ်ချုပ်စခန်းတွေမှာ အတင်းအကျပ်  လုပ်အားပေး ခိုင်းစေတာအပါအဝင် မွတ်ဆလင်အများစု နေထိုင်တဲ့ ရှင်းကျန်းပြည်နယ် အနောက်ပိုင်းဒေသမှာ လူနည်းစုဖြစ်တဲ့ ဝီဂါလူမျိုး ၁၀ သန်းလောက်ကို တရုတ်အစိုးရက အလွဲသုံးစား လုပ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။ 

တရုတ်ကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အမေရိကန်က စွပ်စွဲခဲ့တဲ့အပေါ် တရုတ်ပြည်မကြီး အစိုးရကတော့ ဘယ်လိုအလွဲသုံးစားမှုမှ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

Up