close

မွေးမြူရေးလုပ်ငန်း

close

December 1, 2022

မွေးမြူရေးလုပ်ငန်းများအတွက် ကိုဗစ်ချေးငွေ ပြန်ဆပ်ကာလ ၁ နှစ်ထပ်တိုး

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့ မွေးမြူရေးလုပ်ငန်းတွေ ပြန်လည် နာလန်ထူနိုင်ဖို့ ထုတ်ချေးပေးထားတဲ့ ကိုဗစ်ချေးငွေ ပြန်ဆပ်ရမယ့်ကာလကို စစ်ကောင်စီက သက်တမ်းတနှစ် ထပ်တိုးလိုက်ပါတယ်။

ကိုဗစ်ကြောင့် ထိခိုက်မှုတွေ ထပ်မံရှိနေပြီး လုပ်ငန်းတွေ ငွေကြေးလည်ပတ်မှုတွေ အဆင်ပြေစေဖို့ ချေးငွေပြန်ဆပ်ကာလကို အခုလို သက်တမ်းတိုးပေးတာလို့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက ဆိုပါတယ်။

မွေးမြူရေးလုပ်ငန်းတွေအတွက် အဲဒီချေးငွေကို ချေးငွေသက်တမ်း တနှစ်၊ အတိုးနှုန်း ၁ ရာခိုင်နှုန်း သတ်မှတ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က စတင်ထုတ်ချေးပေးခဲ့တာပါ။

ဒါကြောင့် ချေးငွေသက်တမ်းကုန်ဆုံးပြီး ပြန်ဆပ်ကာလကို မကြာခင်ရောက်ရှိတော့မယ်၊ မွေးမြူရေးလုပ်ငန်းတွေထဲက ချေးငွေကို လုပ်ငန်းထိရောက်အောင် ဆောင်ရွက်နေတဲ့ ကုမ္ပဏီ/လုပ်ငန်းတွေ၊ အတိုးပေးသွင်းထားပြီးဖြစ်တဲ့ လုပ်ငန်းတွေကိုသာ ချေးငွေ ပြန်ဆပ်ကာလ  တနှစ် ထပ်မံတိုးမြှင့်ပေးတာဖြစ်တယ်လို့ ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီထုတ်ပြန်ချက်အရ အခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍက ထိခိုက်မှုအများဆုံး ကုမ္ပဏီ/လုပ်ငန်း ၃၂၅ ခုခန့်ကို ကိုဗစ်ရန်ပုံငွေထဲက ကျပ် ၇ ဒသမ ၆ ဘီလီယံ ထုတ်ချေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ကော်မတီက ချေးငွေ အတိုး/အရင်း ပြန်ပေးဆပ်ဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီ/လုပ်ငန်းတွေကို ဘဏ်လုပ်ထုံးလုပ်နည်းနဲ့အညီ တရားမကြောင်းအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ သတိပေးထားပြီး ခွင့်ပြုထားတဲ့ကာလအတွင်း ချေးငွေကို အကြေပေးဆပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

35 mins Ago

April 8, 2022

အီသီယိုးပီးယားတွင် မိုးခေါင်ရေရှား ရေနှင့် အစားအစာ ပြတ်လပ်

အီသီယိုးပီးယားနိုင်ငံမှာ လူ ၇ သန်းနီးပါးဟာ မိုးခေါင်ရေရှားတဲ့ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေကြရပြီး တိရစ္ဆာန်အများအပြားလည်း ရေနဲ့ အစားအစာ ပြတ်လပ်နေလို့ သေဆုံးနေကြရပါတယ်။

အစိုးရကယ်ဆယ်ရေး အထောက်အပံ့ကို မှီခိုဖို့ ပြည်သူအများအပြား ရွှေ့ပြောင်းဒုက္ခသည် စခန်းတွေဆီကို ဦးတည်သွားခဲ့ရပါတယ်။

ဒေသခံ ၈၀ ရာခိုင်နှုန်းက မွေးမြူရေးလုပ်ငန်းကို အားကိုးနေရတဲ့ ဆိုမာလီပြည်နယ်ကတော့ ဆုံးရှုံးမှု ကြီးကြီးမားမား ခံရတဲ့ ဒေသတွေထဲက တခုပါ။

မွေးမြူရေး တိရစ္ဆာန်အကောင်ရေ တသန်းကျော် သေဆုံးခဲ့တယ်လို့ ဒေသခံ ကပ်ဘေးစီမံခန့်ခွဲရေးဗျူရိုက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ လခွဲလောက်က ဂိုဒေမြို့နားက ရပ်ကွက်ဆီကို အနားဝန်းကျင်က တိရစ္ဆာန် ထိန်းကျောင်းသူတွေ အုပ်လိုက် ရွှေ့ပြောင်းလာခဲ့ကြရတာပါ။

အစိုးရကထောက်ပံ့တဲ့ ရေနဲ့ စားနပ်ရိက္ခာ ရရှိရေး မျှော်လင့်ချက်နဲ့ ရောက်လာတဲ့ မိသားစု အရေအတွက် ၄၀၀ ကနေ ၂,၂၀၀ ကျော်ထိ တိုးလာခဲ့တယ်လို့ စီစီတီဗွီ သတင်းဌာနက ကြေညာပါတယ်။

8 months Ago
Up