စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၈ ရက်မနေ့ည နဲ့ ဒီနေ့မှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ပြီး ပြည်သူ ၄ ယောက်ကိုလည်း အကြမ်းဖက် သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က ယင်းမာပင်မြို့နယ် ကျွန်းတောကျေးရွာတောင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံစုပေါင်းကာကွယ်ရေးတပ်ပေါင်းစုတို့အကြား ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက် စစ်ကောင်စီတပ်ကယင်းမာပင်မြို့နယ် ကုန်းရွာ၏အနောက်ပိုင်းမှ စတင်ကာ ပြည်သူနေအိမ်တွေကို မီးရှို့ခဲ့ကြပြီး ရွာထဲမှာ ကျန်ရစ်ခဲ့တဲ့ ပြည်သူလေးယောက်ကို မီးရှို့သတ်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးပြားခဲ့တယ်လို့လည်းဆိုပါတယ်။ ဒီနေ့ မတ်လ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ ကုန်းရွာကနေ အရှေ့ဘက်ကို ဉီးတည်ထွက်လာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံစုပေါင်းကာကွယ်ရေးတပ်ပေါင်းစုတို့အကြား ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနဲ့ အဲဒီ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့အများအပြား ထပ်မံကျဆုံးသွားခဲ့ ကြောင်း သိရပါတယ်။
တိုက်ပွဲအတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဉီး မစိုးရိမ်တဲ့ ဒဏ်ရာရရှိကြောင်း သိရပါတယ်။ ဒီနေ့ မနက်တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ရဟတ်ယာဉ် နှစ်စီးနဲ့ ၂ နာရီကျော် လာရောက်ပစ်ခတ်ပေးမှုလည်းရှိပေမဲ့ ဒေသခံစုပေါင်းကာကွယ်ရေး တပ်ပေါင်းစုတို့ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါတိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုတော့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။
(CJ)
စစ်ကောင်စီတပ်က PDF ၂ ဦးကို အောက်တိုဘာ ၂၀ ရက် မနက်ခင်းပိုင်းက ပစ်ခတ်ဖမ်းဆီးကာ ဒေသခံရွာသားတွေရှေ့မှာ ခေါင်းဖြတ်သတ်ပြပြီး ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့က ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာကို ရဟတ်ယာဉ်နဲ့ လာချခဲ့တဲ့ စစ်သားတွေက ပြားအိုရွာ ဘုန်းကြီးကျောင်းအတွင်းက စစ်ဘေးရှောင် အမျိုးသား ၃၇ ယောက်ကို ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၂၀ ရက် ညနေ ၅ နာရီမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
PDF ရဲဘော် ၂ ဦးကတော့ ဇီးဖြူကုန်းရွာနဲ့ ပုထိုးသာရွာကြားက ပဲစိမ်းငုံခင်းအတွင်းမှာ ဖမ်းဆီးပြီး သတ်ဖြတ်ခံခဲ့ရတာလို့ ပြန်လွတ်လာတဲ့ ရွာသားတဦးက ပြောပါတယ်။
“အဖမ်းခံရပြီး ကျနော်တို့ကို ရင်ပေါင်တိုင်ရွာဘက်ကို စစ်(--) တွေက ခေါ်သွားတယ်။ ဒီနေ့ရောက်တော့ ပုလဲနယ်ဘက် စစ်ကြောင်းဘက်ကို ကျနော်တို့ကို ထပ်ခေါ်တယ်။ လမ်းမှာ သူတို့အထုပ်အပိုးတွေ အထမ်းခိုင်းတယ်ဗျ။ အဲဒီလိုသွားရင်းနဲ့ ဇီးဖြူကုန်းရွာနဲ့ ပုထိုးသာကြားမှာ သူတို့ PDF ၂ ဦး ဖမ်းမိတယ်။ အဲလိုဖမ်းမိပြီး အရှင်လတ်လတ် ခေါင်းဖြတ်သတ်တယ်။ အဲ ခေါင်းပျက်ကြီးကိုင်ပြီး ကျနော်တို့တဦးချင်းကိုပြတယ်။ နောက်ပြီး မင်းတို့မှတ်ထား၊ ဒါမျိုးမဖြစ်ချင်ရင် PDF မလုပ်နဲ့။ လုပ်ရင် ဒါမျိုးသတ်ခံရမယ်လို့ ပြောတယ်။”
ဒေသခံ ရိုးမဖိုက်တာ ခေါင်းဆောင် ကိုမိုးဝင်းကတော့ PDF တပ်ဖွဲ့ဝင် ၂ ဦး ပျောက်ဆုံးနေပြီး အသတ်ခံရတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
“မနက်ကတော့ ထိပ်တိုက် တိုက်ပွဲဖြစ်သေးတယ်။ ကျနော်တို့ဘက်ကတော့ ခေါင်းဆောင်တဦးနဲ့ ရဲဘော်တဦး ပျောက်ဆုံးနေတာတော့ရှိတယ်ဗျ။ အခုအထိ အဆက်အသွယ် မရသေးဘူး။ ပျောက်ဆုံးနေသူတွေက ဗိုလ်စက္ကနဲ့ ရဲဘော်တဦးတော့ ပျောက်ဆုံးနေတယ်ဗျ။ သူတို့က ဘယ်အဖွဲ့ကလည်းဆိုတော့ ဒေါင်းမင်းအဖွဲ့ပါဗျ။ ကျနော်တို့အနေနဲ့ကတော့ အဲလူနှစ်ဦး ပျောက်နေတာတော့ အတည်ပြုလို့ရတယ်ဗျ။ သေဆုံးလား၊ မသေဆုံးသေးဘူးလားကတော့ အတည်ပြုမရသေးဘူး။”
ယင်းမာပင်မြို့နယ်၊ မုံတိုင်ပင်ရွာကနေ ပုလဲမြို့နယ်ဘက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်အင်အား ၈၀ ကျော်ဟာ ပုထိုးသာရွာအတွင်းမှာ ယာယီတပ်စွဲနေတာကြောင့် ရွာသားတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။