close

စစ်ကောင်စီတပ်က ဖမ်းမိသည့် PDF တပ်ဖွဲ့ဝင် ၂ ဦးအား ရွာသားများရှေ့သတ်ပြပြီး ခြိမ်းခြောက်

စစ်ကောင်စီတပ်က PDF ၂ ဦးကို ‌အောက်တိုဘာ ၂၀ ရက် မနက်ခင်းပိုင်းက ပစ်ခတ်ဖမ်းဆီးကာ ဒေသခံရွာသားတွေရှေ့မှာ ခေါင်းဖြတ်သတ်ပြပြီး ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့က ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာကို ရဟတ်ယာဉ်နဲ့ လာချခဲ့တဲ့ စစ်သားတွေက ပြားအိုရွာ ဘုန်းကြီးကျောင်းအတွင်းက စစ်ဘေးရှောင် အမျိုးသား ၃၇ ယောက်ကို ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၂၀ ရက် ညနေ ၅ နာရီမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

PDF ရဲဘော် ၂ ဦးကတော့ ဇီးဖြူကုန်းရွာနဲ့ ပုထိုးသာရွာကြားက ပဲစိမ်းငုံခင်းအတွင်းမှာ  ဖမ်းဆီးပြီး သတ်ဖြတ်ခံခဲ့ရတာလို့ ပြန်လွတ်လာတဲ့ ရွာသားတဦးက ပြောပါတယ်။

“အဖမ်းခံရပြီး ကျနော်တို့ကို ရင်ပေါင်တိုင်ရွာဘက်ကို စစ်(--) တွေက ခေါ်သွားတယ်။ ဒီနေ့ရောက်တော့ ပုလဲနယ်ဘက် စစ်ကြောင်းဘက်ကို ကျနော်တို့ကို ထပ်ခေါ်တယ်။ လမ်းမှာ သူတို့အထုပ်အပိုးတွေ အထမ်းခိုင်းတယ်ဗျ။ အဲဒီလိုသွားရင်းနဲ့ ဇီးဖြူကုန်းရွာနဲ့ ပုထိုးသာကြားမှာ သူတို့ PDF ၂ ဦး ဖမ်းမိတယ်။ အဲလိုဖမ်းမိပြီး အရှင်လတ်လတ် ခေါင်းဖြတ်သတ်တယ်။ အဲ ခေါင်းပျက်ကြီးကိုင်ပြီး ကျနော်တို့တဦးချင်းကိုပြတယ်။ နောက်ပြီး မင်းတို့မှတ်ထား၊ ဒါမျိုးမဖြစ်ချင်ရင် PDF မလုပ်နဲ့။ လုပ်ရင် ဒါမျိုးသတ်ခံရမယ်လို့ ပြောတယ်။”

ဒေသခံ ရိုးမဖိုက်တာ ခေါင်းဆောင် ကိုမိုးဝင်းကတော့ PDF တပ်ဖွဲ့ဝင် ၂ ဦး ပျောက်ဆုံးနေပြီး အသတ်ခံရတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

“မနက်ကတော့ ထိပ်တိုက် တိုက်ပွဲဖြစ်သေးတယ်။ ကျနော်တို့ဘက်ကတော့ ခေါင်းဆောင်တဦးနဲ့ ရဲဘော်တဦး ပျောက်ဆုံးနေတာတော့ရှိတယ်ဗျ။ အခုအထိ အဆက်အသွယ် မရသေးဘူး။ ပျောက်ဆုံးနေသူတွေက ဗိုလ်စက္ကနဲ့ ရဲဘော်တဦးတော့ ပျောက်ဆုံးနေတယ်ဗျ။ သူတို့က ဘယ်အဖွဲ့ကလည်းဆိုတော့ ဒေါင်းမင်းအဖွဲ့ပါဗျ။ ကျနော်တို့အနေနဲ့ကတော့ အဲလူနှစ်ဦး ပျောက်နေတာတော့ အတည်ပြုလို့ရတယ်ဗျ။ သေဆုံးလား၊ မသေဆုံးသေးဘူးလားကတော့ အတည်ပြုမရသေးဘူး။”

ယင်းမာပင်မြို့နယ်၊ မုံတိုင်ပင်ရွာကနေ ပုလဲမြို့နယ်ဘက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်အင်အား ၈၀ ကျော်ဟာ ပုထိုးသာရွာအတွင်းမှာ ယာယီတပ်စွဲနေတာကြောင့် ရွာသားတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up