close

ယင်းမာပင်မြို့နယ်၌ စစ်ကောင်စီတပ်က ပြည်သူလူထုထံမှ ရွှေ၊ ငွေ၊ တိရစ္ဆာန်များ လုယက် သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ  ဧပြီ ၁၉ ရက် ဒီနေ့ မနက် ၉ နာရီက အင်အား ၉၀ ကျော်နဲ့ ထန်းဇင်ရွာကို စစ်ကြောင်းထိုးလာပြီး ပြည်သူလူထု အိမ်တွေကို မွှေနှောက်ရှာဖွေကာ အဖိုးတန်ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုပါ သတ်ဖြတ်ယူဆောင် သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ထန်းဇင်ကျေးရွာဟာ ဘန့်ဘွေးရွာနဲ့ အနီးဆုံးရွာတရွာဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ ဘန့်ဘွေးရွာအခြေစိုက်နေရာက စစ်ကြောင်းထိုးဝင်ရောက်လာတာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။  

ထန်းဇင်ကျေးရွာခံတဦးက “သူတို့ရိက္ခာပြတ်တိုင်း ကျမတို့ရွာက အခုလို အကြိမ်ကြိမ် အလုပ်ခံနေရတယ်။ ဒီနေ့လည်း ရွာထဲကအိမ်တွေကို ရှာဖွေတာတွေလုပ်သလို နွား ၅ ကောင်ထက်မနည်း ယူဆောင်သွားတယ်။ ဇီးတွေနဲ့ ဝက်မကြီးလည်း သတ်ဖြတ်ပြီး ယူသွားကြတယ်။ ကျန်တဲ့ ကျေးရွာထဲက ဝက်တွေလည်း သတ်ဖြတ်ယူတာတွေလည်း ခံရတယ်။ အကောင်ရေတော့ အတိအကျ စာရင်းမကောက်ရသေးဘူး။ တချို့သူတွေရဲ့ အိမ်တွေထဲက ရွှေ၊ ငွေနဲ့ ပရိဘောဂတွေလည်း အကုန်သယ်ယူတာတွေလည်း ရှိတယ်။ လူတွေကတော့ သူတို့လာပြီလို့ သတင်းကြားတာနဲ့ အကုန်ထွက်ပြေးကြတာဆိုတော့ အသေအပျောက်၊ အဖမ်းခံရတာ မရှိဘူး။ အိမ်တွေအမွှေခံရတာရယ်၊ အိမ်ထဲမှာရှိတဲ့ ဆိုင်ကယ် ၅ စီးထက်မနည်း ယူဆောင်ခံရတာတွေတော့ ရှိတယ်” လို့ ပြောပါတယ်။

ဘန့်ဘွေးရွာကို စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစလို့ ဝင်ရောက်တပ်စွဲနေတာဖြစ်သလို အနီးပတ်ဝန်းကျင်ကျေးရွာကို အကြိမ်ကြိမ်ဝင်ရောက် ပစ်ခတ်မီးရှို့ခဲ့တာကြောင့် နဘူးတောရွာမှာ အိမ်ခြေ ၂၀ ထက်မနည်း မီးလောင်ဆုံးရှုံးရသလို ဒေသခံ ၁၀ ယောက်လောက် စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံခဲ့ရပါတယ်။

ပြီးခဲ့ရက်ပိုင်းကလည်း ထန်းဇင်ရွာကို စစ်တပ်ကဝင်ရောက်ပစ်ခတ်တာကြောင့် ဒေသခံ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦး ခြေချင်းဝတ် ကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Up