လီဗာပူးအသင်းအနေနဲ့လာမယ့်နွေရာသီမှာ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း နည်းပြယာဂန်ကလော့ပ်က ဝန်ခံစကားဆိုလိုက်ပါတယ်။
ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ အခုနှစ်ရာသီမှာ ရလဒ်ဆိုးရွားမှုတွေရှိခဲ့ပြီး လာမယ့်ရာသီမှာ အပြောင်းအလဲတစ်ခု မဖြစ်မနေလုပ်ဆောင်ရ မယ်ဆိုတာ ပေါ်လွင်ထင်ရှားနေတယ်လို့ ပြောပါတယ်။
“လက်ရှိအချိန်မှာ ဘာမှလုပ်လို့မရပေမယ့် လာမယ့်နွေရာသီမှာတော့ တစ်ခုခုလုပ်ဆောင်ဖို့ လိုအပ်နေတယ်ဆိုတာ သိသာထင်ရှားပြီးသားပါ။ ခုချိန်ကတော့ ဒီအတိုင်းဆက်သွားပြီး တိုက်ပွဲဝင်သွားရမှာဖြစ်တယ်”လို့ နည်းပြကလော့ပ်က ပြောပါတယ်။
လီဗာပူးကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဂျိမ်းစ်မီလ်နာ၊ နာဘီကီတာနဲ့ ချိန်ဘာလိန်တို့ သုံးဦးဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ကွင်းလယ်နေရာမှာ ကြီးမားတဲ့အပြောင်းအလဲတွေ မြင်တွေ့ရဖို့ရှိပါတယ်။ အလားတူ အားနည်းမှုတွေရှိနေတဲ့ ခံစစ်ပိုင်းကိုလည်း နည်းပြကလော့ပ်က ပြင်ဆင်သွားဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။
လက်ရှိအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်ပေမဲ့ မဖြစ်နိုင်သေးကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဗွီတိုက်စစ်မှူး ဂတ်ပိုကို ခေါ်ယူခဲ့ပေမဲ့ ဒဏ်ရာရကစားသမားတွေ များနေလို့ ရလဒ်ပိုင်း ဆိုးရွားခဲ့ပါတယ်။
အခုတပတ်ပွဲစဉ်မှာ ဘရိုက်တန်ကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီး အဆင့်လေးနေရာက မန်ယူအသင်းနဲ့ ၁၀ မှတ်အထိ ကွာဟနေတာပါ။
ကစားသမားသစ်ထပ်ခေါ်ဖို့ လိုအပ်ပေမဲ့ လက်ရှိအခြေအနေအရ ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်တော့ကြောင်း၊ အခြေအနေတွေက ပြောင်းလဲဖို့မရှိတာကြောင့် အပတ်စဉ်တိုင်းမှာ ဒီလိုအဖြေပဲ ပေးနိုင်ကြောင်း နည်းပြကလော့ပ်က မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။
လီဗာပူးအသင်းမှာ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဖေမီနို၊ ဒီယက်ဇ်၊ ဂျိုတာနဲ့ နူနက်ဇ်တို့ ဒဏ်ရာရနေသလို နောက်ခံလူ ဗန်ဒိုက်လည်း ရက်သတ္တပတ်အနည်းငယ် အနားယူရဦးမှာ ဖြစ်ပါတယ်။