ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးလ်ရွှိုင်ဂူအပါအဝင် အကြီးတန်းစစ်ဦးစီးချုပ် ဗလေရီ ဂျီရာစိုင်မော့ဗ်နဲ့ ယူကရိန်းစစ်ဆင်ရေးထဲမှာ ဂျီရာစိုင်မော့ဗ်ရဲ့ လက်ထောက်တွေထဲက တစ်ဦး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဆာဂေးလ်ဆူရာဗစ်ကင်တို့ မတ် ၄ ရက်က အစည်းအဝေး ကျင်းပခဲ့ ကြပါတယ်။
ဆွေးနွေးပွဲမှာ ရုရှားတပ်ဖွဲ့ဝင်တွေကို လက်နက်၊ စစ်လက်နက် ပစ္စည်းတွေနဲ့ ခဲယမ်းမီးကျောက်တွေ ပေးအပ်ခြင်းဆိုင်ရာကိစ္စရပ်တွေအပြင် အရန်တပ်တွေရဲ့ တိုက်ခိုက်ရေး လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။
အစောပိုင်းတုန်းက ဆာဂေးလ် ရွှိင်ဂူဟာ ယူကရိန်းမှာ တပ်စွဲထားတဲ့ ရုရှားတပ်ဖွဲ့တွေကို ရှားရှားပါးပါး သွားရောက်လည်ပတ်ခဲ့ပါတယ်။
သူဟာ တပ်မတော်သားတွေကို ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပြီး ခရီးစဉ်အတွင်း အကြီးတန်းတပ်မှူး တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ဗီဒီယိုတွေ ထဲမှာ မတ် ၄ ရက်က တွေ့ရပါတယ်။
ရုရှားအစိုးရဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်အတွင်း ရုရှားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို အိမ်နီးချင်း ယူကရိန်းနိုင်ငံဆီ စေလွှတ်ခဲ့ပြီးနောက်ပိုင်း ရုရှားရဲ့ထိပ်တန်း စစ်ဦးစီးချုပ်တွေဟာ ယူကရိန်းမှာရှိတဲ့ ရှေ့တန်းစစ်မျက်နှာတွေဆီကို အကြိမ်ရေ နည်းနည်းသာ လာရောက်လည်ပတ်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မေ ၂၅ ရက်က မော်စကိုမြို့ရှိ စစ်ဘက်ဆိုင်ရာဆေးရုံကို သွားရောက်လည်ပတ်ခဲ့ပြီး ရုရှားရဲ့ ယူကရိန်းစစ်ဆင်ရေးအတွင်း ဒဏ်ရာရရှိခဲ့တဲ့ စစ်သားတွေကို တွေ့ဆုံ စကားပြောခဲ့ပါတယ်။
သမ္မတ ပူတင်ဟာ ကာကွယ်ရေးဝန်ကြီး ဆာဂေ ရွှိုင်ဂူနဲ့အတူ သွားရောက်ခဲ့တာပါ။
ရုရှားသမ္မတက ဒဏ်ရာရစစ်သည်တွေကို လက်ဆွဲနှုတ်ဆက်ခဲ့ပြီး သူတို့ရဲ့ တာဝန်ထမ်းဆောင်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။
ရုရှားသမ္မတရဲ့ လက်ဆွဲနှုတ်ဆက်ခံရတဲ့ စစ်သားတယောက်က တိုက်ပွဲဆက်ဝင်ဖို့ ခွင့်တောင်းခံခဲ့ပြီး ပူတင်ကလည်း ခွင့်ပြုခဲ့တယ်လို့ ဆရာဝန်တဦးက သူတို့ပြောစကားတွေကို ပြောပြပါတယ်။
မော်စကိုက "အထူးစစ်ဆင်ရေး" လို့ ခေါ်ဆိုတဲ့ ယူကရိန်းအရှေ့ဘက်ရှိ တိုက်ပွဲထဲမှာ ရုရှားစစ်သားတွေ ဘယ်လောက် သေဆုံး၊ ဒဏ်ရာရခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။