ယူကရိန်းထိပ်သီးကလပ် ဒိုင်နမိုကိယက်ဗ်အသင်းဟာ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့ အတွက် ဥရောပထိပ်သီးကလပ်တွေနဲ့ ရန်ပုံငွေခြေစမ်းပွဲတွေ ကစားတော့မှာပါ။
ရုရှားနဲ့ စစ်ပွဲဖြစ်နေတဲ့အတွက် ယူကရိန်းဘောလုံးလိဂ်ပြိုင်ပွဲကို ရပ်နားထားရပါတယ်။
ဒိုနမိုကိယက်ဗ်အသင်းကတော့ လာမယ့် ဧပြီနဲ့ ဇွန်လအတွင်းမှာ ဥရောပထိပ်တန်းကလပ်တွေနဲ့ ချစ်ကြည်ရေးခြေစမ်းပွဲခရီးစဉ်တွေကစားပြီး ရန်ပုံငွေ ရှာဖွေသွားမှာပါ။
ခြေစမ်းခရီးစဉ်အတွင်းမှာ ဘာစီလိုနာ၊ ပီအက်စ်ဂျီအသင်းတွေနဲ့ ကစားဖို့ရှိသလို ဒေါ့မွန်၊ အေစီမီလန်၊ စပို့တင်းလစ္စဘွန်း၊ ဘင်ဖီကာ၊ အေဂျက်ဇ် အစရှိတဲ့ အသင်းတွေနဲ့လည်း ယှဉ်ပြိုင် ကစားဖို့ စီစဉ်ထားပါတယ်။
အဲဒီခြေစမ်းပွဲစဉ်တွေကို “ငြိမ်းချမ်းရေးပွဲစဉ်၊ စစ်ပွဲရပ်စို့” ဆိုတဲ့ဆောင်ပုဒ် အောက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ယူကရိန်းပြည်သူတွေကို အားပေး ကူညီမှုတွေ လုပ်ဆောင်ဖို့ဖြစ်တယ်လို့ ဒိုင်နမိုကိယက်ဗ် အသင်းက သတင်းထုတ်ပြန်ပါတယ်။
ခြေစမ်းပွဲစဉ်တွေကို ယူကရိန်းရုပ်သံတွေနဲ့ ဥရောပနိုင်ငံတွေက ရုပ်သံအသီးသီးကနေ တိုက်ရိုက်ပြသမှာဖြစ်ပြီး ယူကရိန်း အနုပညာရှင်တွေကလည်း ပါဝင်အားဖြည့်သွားမယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီဂိုးသမား နာဗက်စ်ဟာ ယူကရိန်း စစ်ဘေးရှောင်တွေကို ပြင်သစ်က သူ့ရဲ့နေအိမ်မှာထားပြီး ခိုလှုံခွင့်ပေးထားပါတယ်။
ရုရှားရဲ့ကျူးကျော်စစ်ပွဲကြောင့် ယူကရိန်းပြည်သူသန်းပေါင်းများစွာဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဘေးလွတ်ရာနိုင်ငံတွေမှာ သွားရောက်ခိုလူံခဲ့ရပါတယ်။
ကော်စတာရီကာနဲ့ ပီအက်စ်ဂျီဂိုးသမားနာဗက်စ်ကတော့ ယူကရိန်းစစ်ဘေးရှောင်ပြည်သူ အယောက် ၃ဝ ဦးကို ကူညီပြီး နေအိမ်မှာ ခိုလှုံခွင့်ပေးခဲ့တာပါ။
ဂိုးသမားနာဗက်စ်ဟာ စစ်ရှောင်ပြည်သူ ၃၀ ဦးအတွက် အိပ်ရာခင်း ၃၀ ကိုဝယ်ယူခဲ့သလို အဝတ်အစားနဲ့ စားသောက်ဖွယ်ရာတွေအတွက်လည်း ကူညီပေးခဲ့ပါတယ်။
နာဗက်စ်ရဲ့ ဇနီးဖြစ်သူ အန်ဒရီယာဆာလက်စ်ကလည်း ယူကရိန်းစစ်ဘေးရှောင်တွေအတွက် ကူညီမှုကြဖို့ ဆိုရှယ်မီဒီယာကနေ တိုက်တွန်းခဲ့ပါတယ်။
အသက် ၃၅ နှစ်ရှိ ဂိုးသမားနာဗက်စ်ဟာ လက်ရှိအချိန်မှာတော့ ကော်စတာရီကာအသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ သွားရောက်ကစားနေပါတယ်။ ကော်စတာရီကာအသင်း ဟာသောကြာ နေ့ကပွဲစဉ်မှာ ဇယားထိပ်ဆုံးက ကနေဒါကို အနိုင်ရပြီး ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်ရှိလာခဲ့ပါ တယ်။