close

ယူကရိန်းနယ်စပ်

close

October 11, 2022

ယူကရိန်းနယ်စပ်အနီး တပ်ချရန် ဘီလာရုစ်သမ္မတ အမိန့်ပေး

ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက သူ့တပ်တွေကို ရုရှားတပ်ဖွဲ့တွေနဲ့အတူ ယူကရိန်း နိုင်ငံနားမှာ တပ်ချထားဖို့ အမိန့်ပေးထားတယ်လို့ အောက်တိုဘာ ၁၀ ရက်က ပြောလိုက်ပါတယ်။

ယူကရိန်းနဲ့ သူ့ကို ကျောထောက်နောက်ခံ ပေးထားတဲ့ အနောက်နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့လို့လည်း သူက ပြောပါတယ်။

၁၉၉၄ ခုနှစ်ကတည်းက ဘီလာရုစ်နိုင်ငံထဲမှာ အာဏာရခဲ့တဲ့ လူကာရှန်ကိုရဲ့ ပြောဆိုချက်ဟာ ယူကရိန်း မြောက်ပိုင်းမှာရှိတဲ့ ရုရှား-ဘီလာရုစ် ပူးပေါင်းတပ်ဖွဲ့တွေကို  ရုရှားအစိုးရက အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့ ယူကရိန်းကျူးကျော်စစ်မှာ အသုံးပြုဖွယ်ရှိတယ်လို့ ညွှန်ပြနေပါတယ်။

ဘီလာရုစ်ပိုင်နက်အပေါ် တိုက်ခိုက်မှာတွေကို ဒီနေ့ ယူကရိန်းမှာ ဆွေးနွေးနေရုံသာမကဘဲ တိုက်ခိုက်ဖို့စီစဉ်ထားတယ်လို့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးတစ်ခုမှာ လူကာရှန်ကိုက သက်သေ အထောက်အထားမပြဘဲ ပြောခဲ့ပါတယ်။

"သူတို့ရဲ့ ပိုင်ရှင်တွေက  ဘီလာရုစ်ကို စစ်ထဲ ဆွဲသွင်းနိုင်ဖို့၊ ဘီလာရုစ်ကို စစ်တိုက်ဖို့ တွန်းအားပေးနေတယ်။"လို့လည်း လူကာရှန်ကိုက ပြောပါတယ်။

စိန့်ပီတာစဘတ် အစည်းအဝေးမှာ တွေ့ချိန်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စကားပြောခဲ့တယ်လို့လည်း လူကာရှန်ကိုက ဆိုပါတယ်။

ဘီလာရုစ်စစ်တပ်မှာ စစ်သည်အင်အား ၆၀,၀၀၀ လောက် ရှိတာဖြစ်ပြီး အခုနှစ်အစောပိုင်းမှာ တပ်ရင်း ၆ ရင်းထဲက နည်းဗျူဟာအဖွဲ့ ၆ ဖွဲ့ပါတဲ့ လူထောင်ချီကို နယ်စပ်ဒေသတွေမှာ တပ်ဖြန့် ထားခဲ့ပါတယ်။ 

အောက်တိုဘာ ၉ ရက်က နယ်စပ်မှာ ယူကရိန်းက ရန်ပြုနေတယ်လို့ ဘီလာရုစ် နယ်ခြား စောင့်တပ် အကြီးအကဲက စွပ်စွဲခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ဘီလာရုစ်နိုင်ငံထဲက အခြေစိုက်စခန်းတွေကနေ ယူကရိန်းနိုင်ငံ မြောက်ပိုင်း ဆီကို တပ်တွေနဲ့ ပစ္စည်းကိရိယာတွေ ပေးပို့ရင်း ယူကရိန်းစစ်ဆင်ရေးအတွက် ဘီလာရုစ်ကို ခရီးတထောက်နား စခန်းအဖြစ် အသုံးချနေပါတယ်။ 

9 mins Ago

March 8, 2022

ယူကရိန်းနယ်စပ်၌ ခရီးသည်တင်လေယာဉ်ပစ်ချခံရမှု ဒတ်ချ်တရားရုံးစစ်ဆေး

ရုရှား-ယူကရိန်း စစ်ပွဲပြင်းထန်နေချိန်မှာပဲ ဒတ်ချ်တရားရုံးက ၂၀၁၄ ခုနှစ်တုန်းက MH17 ခရီးသည်လေယာဉ် ယူကရိန်းနယ်စပ်မှာ ပစ်ချခံရတဲ့အမှုအတွက် ရုရှား ၃ ယောက်နဲ့ ယူကရိန်း ၁ ယောက်ကို မတ် ၇ ရက်မှာ  စစ်ဆေးနေပါတယ်။ 

နယ်သာလန်ကနေ မလေးရှားကို ပျံသန်းနေတဲ့ MH17 ဂျက်လေယာဉ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၂၉၈ ဦး ပါရှိပြီး  အားလုံး အသက်ဆုံးရှုံးခဲ့ရတာပါ။  ဒီဖြစ်ရပ်နောက်ကွက်မှာ ရုရှားအစိုးရ ပါဝင်ပတ်သက်မှုအပေါ် သံသယရှိနေတာပါ။

တရားသူကြီးက “ယူကရိန်းနယ်စပ်မှာ လေယာဉ်ပစ်ချခံခဲ့ရတဲ့အတွက် သေဆုံးခဲ့သူအားလုံးကို တရားရုံးက စာနာနားလည်မှု ရှိပါတယ်။ ဒီဖြစ်ရပ်အတွက် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေရော နိုင်ငံတွေကပါ ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်ကြရပါတယ်။ ဒတ်ချ်တရားရုံးအနေနဲ့ ဒီရာဇဝတ်မှုကို ဆက်လက်စစ်ဆေးသွားမယ်” လို့ ပြောပါတယ်။ 

ဒါပေမဲ့ ဒီအမှုဟာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ သက်ဆိုင်မှု မရှိဘူးလို့လည်း ပြောပါတယ်။ 

7 months Ago
Up