ရုရှားစစ်တပ်က ဝိုင်းထားတာခံနေရတဲ့ မာရိုင်ပူမြို့ထဲက ယူကရိန်းစစ်သည်တွေ၊ အရပ်သားတွေနဲ့ အကျဉ်းသားချင်းလဲတဲ့နေရာမှာ သူ့ကို ရုရှားအစိုးရဆီ လွှဲပေးဖို့ ရုရှားလိုလားတဲ့ ယူကရိန်း အတိုက်အခံနိုင်ငံရေးသမား ဗစ်တာ မဒ်ဗဒ်ချုခ်က မေတ္တာရပ်ခံနေတဲ့ ရုပ်သံကို ယူကရိန်း လုံခြုံရေးဌာန SBU က ဧပြီ ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
SBU က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ ရုပ်သံထဲမှာ မဒ်ဗဒ်ချုခ်က ရုရှားသမ္မတ ပူတင်ကိုရော၊ ယူကရိန်း သမ္မတ ဇလန်းစကီးကိုပါ မေတ္တာရပ်ခံထားတာပါ။
ဒီရုပ်သံထဲမှာ သူ ဘယ်လောက် လွတ်လွတ်လပ်လပ် ပြောခွင့်ရလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
လူသားချင်း စာနာမှုဆိုင်ရာ ဘေးကင်းတဲ့ ထွက်ပေါက်အတွက် အခွင့်အရေးမရှိတဲ့ အရပ်သားတွေနဲ့ မာရိုင်ပူကို ခုခံကာကွယ်နေတဲ့ သူတွေအတွက် ကျနော်နဲ့ လဲပေးဖို့ ယူကရိန်းဘက်ကို မေတ္တာရပ်ခံပါတယ်လို့ သူက ပြောထားပါတယ်။ မဒ်ဗဒ်ချုခ်ဟာ ပူတင်နဲ့ မဟာမိတ်ဖြစ်ပြီး ယူကရိန်း အတိုက်အခံပါတီရဲ့ ခေါင်းဆောင်ပါ။
ယူကရိန်းအစိုးရက သစ္စာဖောက်မှု၊ အကြမ်းဖက် ဝါဒအတွက် ရန်ပုံငွေ ထောက်ပံ့မှုတွေနဲ့ သူ့ကို တရားစွဲထားတာကို ရင်ဆိုင်နေရပြီး မနှစ်က နေအိမ်အကျယ်ချုပ် ချထားတာပါ။ မဒ်ဗဒ်ချုခ်ကတော့ စွဲချက်တွေကို ငြင်းထားပါတယ်။
သူဟာ ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီလမှာ စကျူးကျော်အပြီး ရက်နည်းနည်းအတွင်း လွတ်မြောက်လာတာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ယူကရိန်းအစိုးရက ပြန်ဖမ်းခဲ့ပါတယ်။
ယူကရိန်းမှာ ထိန်းသိမ်းခံနေရတဲ့ ရုရှားလိုလားတဲ့ ယူကရိန်းနိုင်ငံရေးသမား ဗစ်တာ မက်ဒ်ဗက်ချက် ရဲ့ ဇနီး အိုဆာနာမာချန်ကိုဟာ သူ့ရဲ့ခင်ပွန်း လွတ်မြောက်ဖို့ တူရကီသမ္မတတာယစ်အာဒိုဂန်ထံ အကူအညီတောင်းခံလိုက်ပါတယ်။
ခင်ပွန်းဖြစ်သူကို ယူကရိန်းတပ်ဖွဲ့တွေ အကျယ်ချုပ် ဖမ်းဆီးထားပြီး နှိပ်စက်နေတယ်လို့ မစ္စမာချန်ကိုကပြောပေမဲ့ ဘယ်နေရာမှာ ဖမ်းဆီးထားလဲဆိုတာ မသိသေးဘူးလို့ ပြောပါတယ်။
မက်ဒ်ဗက်ချက်ကို ဖမ်းဆီးထားကြောင်း ယူကရိန်းလုံခြုံရေးအဖွဲ့တွေ ဧပြီ ၁၃ ရက်က ကြေညာလိုက်ပြီး ရုရှားတို့ဖမ်းထားတဲ့ ယူကရိန်းစစ်သားတွေနဲ့ အလဲအလှယ်လုပ်မယ်လို့ ပြောဆိုခဲ့တာကို ပူတင်အစိုးရက ငြင်းပယ်ခဲ့ပါတယ်။
ယူကရိန်းထဲမှာ မက်ဒ်ဗက်ချက်က သမ္မတပူတင်နဲ့ အရင်းနှီးဆုံးသူပါ။ ဧပြီ ၁၃ ရက် သူက အဖမ်းခံထားရစဉ်မှာ လက်ထိပ်ခတ်ခံထားရပြီး ယူကရိန်းစစ်သားတဦးရဲ့ ယူနီဖောင်း ဝတ်ထားပါတယ်။