ရုရှားလိုလားသည့် ယူကရိန်းနိုင်ငံရေးသမားလွတ်မြောက်ရေး ဇနီးဖြစ်သူ အကူအညီတောင်း

ယူကရိန်းမှာ ထိန်းသိမ်းခံနေရတဲ့ ရုရှားလိုလားတဲ့ ယူကရိန်းနိုင်ငံရေးသမား ဗစ်တာ မက်ဒ်ဗက်ချက် ရဲ့ ဇနီး အိုဆာနာမာချန်ကိုဟာ သူ့ရဲ့ခင်ပွန်း လွတ်မြောက်ဖို့ တူရကီသမ္မတတာယစ်အာဒိုဂန်ထံ အကူအညီတောင်းခံလိုက်ပါတယ်။
ခင်ပွန်းဖြစ်သူကို ယူကရိန်းတပ်ဖွဲ့တွေ အကျယ်ချုပ် ဖမ်းဆီးထားပြီး နှိပ်စက်နေတယ်လို့ မစ္စမာချန်ကိုကပြောပေမဲ့ ဘယ်နေရာမှာ ဖမ်းဆီးထားလဲဆိုတာ မသိသေးဘူးလို့ ပြောပါတယ်။
မက်ဒ်ဗက်ချက်ကို ဖမ်းဆီးထားကြောင်း ယူကရိန်းလုံခြုံရေးအဖွဲ့တွေ ဧပြီ ၁၃ ရက်က ကြေညာလိုက်ပြီး ရုရှားတို့ဖမ်းထားတဲ့ ယူကရိန်းစစ်သားတွေနဲ့ အလဲအလှယ်လုပ်မယ်လို့ ပြောဆိုခဲ့တာကို ပူတင်အစိုးရက ငြင်းပယ်ခဲ့ပါတယ်။
ယူကရိန်းထဲမှာ မက်ဒ်ဗက်ချက်က သမ္မတပူတင်နဲ့ အရင်းနှီးဆုံးသူပါ။ ဧပြီ ၁၃ ရက် သူက အဖမ်းခံထားရစဉ်မှာ လက်ထိပ်ခတ်ခံထားရပြီး ယူကရိန်းစစ်သားတဦးရဲ့ ယူနီဖောင်း ဝတ်ထားပါတယ်။