ကုလသမဂ္ဂ နျူးကလီယားစောင့်ကြည့်ရေး အဖွဲ့အကြီးအကဲ ရာဖေးလ် ဂရော့ဆီဟာ သူရဲ့ IAEA အဖွဲ့နဲ့ အတူ မတ် ၁၆ ရက်က သြစတြီးယားနိုင်ငံ ဗီယန်နာမြို့ကနေ ယူကရိန်းနိုင်ငံကို ထွက်ခွာသွားပါတယ်။
ယူကရိန်း နိုင်ငံမှာ ရုရှားထိန်းချုပ်ထားတဲ့ ဇာပိုရီးရှားမြို့က နျူးကလီးယားဓာတ်အားပေးစက်ရုံကို သွားရောက်တာ ဖြစ်ပါတယ်။
ဥရောပရဲ့ အကြီးမားဆုံးသော ဓာတ်ပေါင်းဖို ၆ ခုပါ နျူးကလီးယား ဓာတ်အားပေး စက်ရုံ တဝိုက်မှာ လုံခြုံရေးဇုန်တခု တည်ဆောက်ဖို့ ဂရော့ဆီက ဖိအားပေးနေတာပါ။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အဲ့ဒီနေရာမှာ လက်နက်ကြီးတွေနဲ့အတူ အကြိမ်ကြိမ် ပစ်ခတ်ခဲ့ကြပါ သေးတယ်။
ဂရော့ဆီက “နျူးကလီးယားဆိုင်ရာ ဘေးကင်းရေးနဲ့ လုံခြုံရေးအပေါ် ကိုယ်တိုင်အကဲဖြတ် နိုင်ဖို့အတွက် ဇာပိုရီးရှားမြို့က နျူးကလီယားဓာတ်အားပေးစက်ရုံကို သွားရောက်နေပါပြီ” လို့ မတ် ၂၆ ရက်က တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။
ဒါဟာ သူ့အတွက် ဒုတိယအကြိမ် သွားရောက်မှုဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း အဲ့ဒီနေရာမှာ နိုင်ငံတကာအဏုမြူစွမ်းအင်ဆိုင် ရာအေဂျင်စီ (IAEA) အဖွဲ့က ကျွမ်းကျင်သူတွေကို အမြဲတမ်းထားရှိဖို့ သွားရောက်လုပ်ဆောင်ခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအပေါ် ကျူးကျော်ခဲ့တဲ့ အစောပိုင်းကတည်းက ဒီအဆောက်အအုံ ကို သိမ်းပိုက်ထားတာဖြစ်ပြီး အခုချိန်မှာလည်း ရှေ့တန်းစစ်မြေပြင်နဲ့ နီးကပ်နေဆဲ အနေအထားမှာပါ။
နှစ်ဖက်စလုံးကတော့ လက်နက်ကြီးနဲ့ပစ်ခတ်မှုအတွက် အပြန်အလှန် ပြစ်တင်ပြောဆိုခဲ့ ကြပါတယ်။
ဂရော့ဆီအနေနဲ့ ယူကရိန်းပိုင် ဓာတ်အားပေးစက်ရုံ အနီးတဝိုက်မှာ ကာကွယ်ရေးဇုန်ထူထောင်ဖို့ ဒီလအစောပိုင်းတုန်းက မေတ္တာရပ်ခံခဲ့သလို ဒီပြဿနာအတွက် အားရကျေနပ်ဖွယ် အနေအထား ကြောင့် အံ့အားသင့်ရတယ်လို့လည်း ဆိုပါတယ်။
ရုရှားကျူးကျော်မှု မတိုင်ခင်တုန်းက ဒီစက်ရုံဟာ ယူကရိန်းနိုင်ငံရဲ့ အမျိုးသားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ၂၀ ရာခိုင်နှုန်းဝန်ကျင်အထိ ပါဝင်ခဲ့ပေမယ့် ဓာတ်ပေါင်းဖို ၆ ခုလုံး အလုပ်မလုပ် တော့တဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ခြင်း မရှိတော့ပါဘူး။
ဒီရက်ပိုင်းအတွင်း အမေရိကန်ဆီက စစ်လက်နက်ပစ္စည်း အကူအညီတွေ ယူကရိန်းနိုင်ငံထဲ ထပ်ရောက်သွားဖို့ ရှိပါတယ်။
ယူကရိန်းဆီပို့မယ့် လက်နက်ခဲယမ်းတွေကို အမေရိကန်ပြည်ထောင်စု ဒယ်လဝဲပြည်နယ် ဒိုဝါ လေတပ်အခြေစိုက်စခန်းမှာ ပြင်ဆင်နေတာကို အမေရိကန်ကာကွယ်ရေးဌာနက ထုတ်ပြန်ထားတဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။
ဒီရက်ပိုင်းအတွင်းမှာပဲ သမ္မတဂျိုးဘိုင်ဒင်က ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာသန်း ၈၀၀ တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေပေးမယ့်အကြောင်းလည်း ကြေညာဖို့ ရှိပါတယ်။
အိမ်ဖြူတော်ရဲ့ ကြေညာချက်ထဲမှာ ယူကရိန်းအရှေ့ပိုင်းဒေသကို ရုရှားက တာဝေးပစ် အမြောက်တွေကို သုံးပြီး တိုက်ခိုက်တာ ပြင်းထန်လာနိုင်တဲ့အတွက် ဒီလို တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်မယ့် စနစ်တွေကို ကူညီပေးသွားမယ်လို့ ပါရှိပါတယ်။
၂၀၁၄ ခုနှစ်ကစလို့ အမေရိကန် အစိုးရက ယူကရိန်းကို ပေးဖို့ ကတိပြုထားတဲ့ အကူအညီဟာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလံယံရှိသွားပြီ ဒီထဲမှာ လုံခြုံရေးကဏ္ဍအပြင် တခြား အထောက်အပံ့တွေလည်း ပါဝင်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။