ယူကရိန်းနိုင်ငံသို့ အမေရိကန် စစ်လက်နက်ပစ္စည်းများ ထပ်ရောက်ဖွယ်ရှိ

ဒီရက်ပိုင်းအတွင်း အမေရိကန်ဆီက စစ်လက်နက်ပစ္စည်း အကူအညီတွေ ယူကရိန်းနိုင်ငံထဲ ထပ်ရောက်သွားဖို့ ရှိပါတယ်။
ယူကရိန်းဆီပို့မယ့် လက်နက်ခဲယမ်းတွေကို အမေရိကန်ပြည်ထောင်စု ဒယ်လဝဲပြည်နယ် ဒိုဝါ လေတပ်အခြေစိုက်စခန်းမှာ ပြင်ဆင်နေတာကို အမေရိကန်ကာကွယ်ရေးဌာနက ထုတ်ပြန်ထားတဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။
ဒီရက်ပိုင်းအတွင်းမှာပဲ သမ္မတဂျိုးဘိုင်ဒင်က ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာသန်း ၈၀၀ တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေပေးမယ့်အကြောင်းလည်း ကြေညာဖို့ ရှိပါတယ်။
အိမ်ဖြူတော်ရဲ့ ကြေညာချက်ထဲမှာ ယူကရိန်းအရှေ့ပိုင်းဒေသကို ရုရှားက တာဝေးပစ် အမြောက်တွေကို သုံးပြီး တိုက်ခိုက်တာ ပြင်းထန်လာနိုင်တဲ့အတွက် ဒီလို တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်မယ့် စနစ်တွေကို ကူညီပေးသွားမယ်လို့ ပါရှိပါတယ်။
၂၀၁၄ ခုနှစ်ကစလို့ အမေရိကန် အစိုးရက ယူကရိန်းကို ပေးဖို့ ကတိပြုထားတဲ့ အကူအညီဟာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလံယံရှိသွားပြီ ဒီထဲမှာ လုံခြုံရေးကဏ္ဍအပြင် တခြား အထောက်အပံ့တွေလည်း ပါဝင်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။