လွန်ခဲ့တဲ့ တနှစ်နီးပါးက ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းမှာ အရပ်သား အယောက် ၈,၀၀၀ ကျော် သေဆုံးခဲ့တာကို မှတ်တမ်းတင်ထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။
အမြောက်ကျည်တွေ၊ ခရုဇ်နဲ့ ပဲ့ထိန်းဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ကျယ်ပြန့်တဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေကြောင့် အရပ်သားတွေ သေရတာများတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ပြောရေးဆိုခွင့်ရှိသူ အဲလိဇဘက် ထရော့စ်ဆဲလ်က ပြောပါတယ်။
“လူနေထူထပ်တဲ့ နေရာတွေမှာ အများဆုံးဖြစ်ခဲ့တယ်” လို့လည်း သူက ဆက်ပြောပါတယ်။
ယူကရိန်းမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးမစ်ရှင်ရဲ့ အကြီးအကဲ မာတီလ်ဒါ ဘော့ဂ်နာကတော့ အရပ်သားသေဆုံးမှု ထောင်ပေါင်းများစွာကို မှတ်တမ်း မတင်ထားရသေးဘူးလို့ ယုံတယ်၊ သေဆုံးတဲ့ အရပ်သားအများစုက ယူကရိန်းနိုင်ငံ တောင်ပိုင်း မာရီအူပယ်မြို့ကဖြစ်ပြီး အခု အဲ့ဒီမြို့က ရုရှားထိန်းချုပ်မှုအောက် ရောက်နေပြီလို့ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ တရားဝင်စာရင်းမှာ ရုရှားက သုံးလကြာ ဝိုင်းထားပြီး မြေပြင်မှာ မဖြိုခွဲမီ လူပေါင်း ၄ သိန်းခွဲလောက်နေတဲ့ မာရီအူပယ်မြို့မှာ အရပ်သား အယောက် ၂,၀၀၀ လောက် သေဆုံးခဲ့ပါတယ်။
အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့ ရုရှားကျူးကျော်စစ်မှာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်မထားခဲ့ဘူးလို့ ရုရှားက ငြင်းဆိုထားပါတယ်။
ယူကရိန်းအရပ်သားတစ်စုဟာ စပိန်နိုင်ငံ တိုလီဒိုမြို့မှာ ဖေဖော်ဝါရီ ၄ ရက်က အခြေခံ စစ်ရေးလေ့ကျင့် နေတာပါ။
သူတို့ကို လေ့ကျင့်သင်ကြားဖို့ ဖန်တီးထားတဲ့ စပိန်အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
သူတို့ ယူကရိန်းဆီ ပြန်လာတဲ့အခါ တိကျတဲ့ အသိပညာတွေ ရစေဖို့ ယူကရိန်း စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေကို လေ့ကျင့်ပေးဖို့ ရည်ရွယ်ပြီး စပိန်က တိုလေဒို သင်တန်းနဲ့ ညှိုနှိုင်းဆောင်ရွက်ရေး စင်တာ (TTCC) ကို ဖန်တီးခဲ့ တာပါ။
အမျိုးသမီး ၄ ဦး အပါအဝင် ယူကရိန်းနိုင်ငံသား ၁၉၂ ဦးဟာ ဇန်နဝါရီ ၁၂ ရက်မှာ ခြေလျင်တပ်ရင်း စစ်တက္ကသိုလ်ကို ရောက်လာပြီး ငါးပတ်ကြာ အပြင်းအထန် လေ့ကျင့်ပြီးတဲ့နောက် ဖေဖော်ဝါရီ ၁၆ ရက်မှာ အိမ်ပြန်မှာဖြစ်ပါတယ်။
သေနတ်ပစ်တာနဲ့ အခြေခံတိုက်ခိုက်ရေးစွမ်းရည်တွေကို လေ့လာဖို့ လေ့ကျင့်ရေးမှူး ကားလော့စ် ဗေရာက တစ်နေ့ကို ၁၀ နာရီ၊ တစ်ပတ်ကို ခြောက်ရက် လေ့ကျင့်ပေးနေတယ်လို့ ပြောပါတယ်။
“လူတွေက အရမ်းစိတ်အားထက်သန်ပြီး ရောက်လာကြတာ၊ သူတို့တိုင်းပြည်က စစ်ဖြစ်နေတယ် ဆိုတာ သူတို့သိတယ်၊ သူတို့မှာ ဆွေမျိုးတွေရှိတယ်၊ သူတို့မှာ အနိုင်ရချင်တဲ့ ဆန္ဒရှိတယ်” လို့ ဒုဗိုလ်မှူးကြီး အီရန်ဇိုက ရှင်းပြပါတယ်။
တိုလေဒို လေ့ကျင့်ညှိနှိုင်းရေးစင်တာဟာ နှစ်လကို ယူကရိန်း စစ်တပ်က ဝန်ထမ်း အယောက် ၄၀၀ အထိ အလှည့်ကျလေ့ကျင့်ပေးနိုင်ဖို့ ဒီဇိုင်းပုံစံ ထုတ်ထားပါတယ်။
စပိန်နိုင်ငံဟာ ယူကရိန်းနိုင်ငံဆီ ဂျာမန်လုပ် Leopard 2A4 တင့်ကား လေးစီးကနေ ခြောက်စီးကြား ပို့ပေးဖို့ စီစဉ်နေတယ်လို့ အမည်မသိ အစိုးရ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖေဖော်ဝါရီ ၁ ရက်ထုတ် သတင်းစာ အယ်လ်ပိုက်စ်က ဖော်ပြခဲ့ပါတယ်။
တင့်ကားလေ့ကျင့်တာတွေကို တိုလီဒိုစင်တာမှာ လုပ်မလား ဆိုတာကိုတော့ စပိန်စစ်တပ်က အတည်မပြုနိုင် သေးပါဘူး။