ယူကရိန်းအရေး ဆွေးနွေးညှိနှိုင်းဖို့ သမ္မတ ဗလာဒီမာပူတင်က လမ်းဖွင့်ထားကြောင်း ကရင်မလင်နန်းတော်က ဒီဇင်ဘာ ၂ ရက်မှာ ပြောပါတယ်။
“အကျိုးစီးပွားအတွက် အကောင်းဆုံးနည်းလမ်းကတော့ ငြိမ်းချမ်းတဲ့ သံတမန်ရေးနည်းလမ်းပဲ ဖြစ်ပြီး ပူတင်အနေနဲ့လည်း ဆက်သွယ်ပြောဆိုဖို့၊ ဆွေးနွေးညှိနှိုင်းဖို့ တံခါးဖွင့်ထားဆဲဖြစ်တယ်”လို့ ရုရှားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပက်စ်ကို့ဗ် က ပြောပါတယ်။
ပူတင်ဟာ နယ်ချဲ့သိမ်းပိုက်မှုပုံစံ စစ်ပွဲအဖြစ် သူတို့လုပ်ဆောင်ခဲ့တာတွေအတွက် ဘာတရားမျှတမှုမှ မရှိကြောင်း ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက ပြောကြပါတယ်။
ယူကရိန်းကတော့ သူ့ပိုင်နက်အတွင်းက နောက်ဆုံးရုရှားစစ်သားကို တိုက်ထုတ်ပြီးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
ရုရှားဟာ ယူကရိန်းရဲ့ ဆိုဗီယက်ခေတ်လွန် နယ်မြေရဲ့ ၅ ပုံ ၁ ပုံကို အခိုင်အမာ တောင်းဆိုထားပြီး အနောက်နဲ့ ယူကရိန်းတို့ကတော့ ဒီကျူးကျော်သိမ်းယူမှုကို သူတို့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ကြောင်း ပြောထားပါတယ်။
ရုရှားသိမ်းယူထားတဲ့ နယ်မြေအသစ်တွေကို အမေရိကန်က အသိအမှတ်မပြုဘဲ ငြင်းဆိုနေတာ ကြောင့် ရုရှားအနေနဲ့ ဖြစ်နိုင်ချေ အလားအလာရှိတဲ့ အပေးအယူတွေကို ရှာဖွေဖို့ နှောင့်နှေး နေရတယ်လို့လည်း ပက်စ်ကို့ဗ်က ပြောပါတယ်။
ရုရှားစစ်တပ်အနေနဲ့ ယူကရိန်းမှာ စစ်ဆင်ရေးကို ဆက်လုပ်သွားမှာဖြစ်ကြောင်းလည်း ပက်စ်ကို့ဗ်က ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီလ်ရွှိုင်ဂူက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘန်ဝေါလေ့စ်နဲ့ အောက်တိုဘာ ၂၃ ရက် မှာ တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့ကြပါတယ်။
ယူကရိန်းမှာ "ညစ်ပတ်တဲ့ဗုံး"ကို သုံးမှာကို ရုရှားက စိုးရိမ်မိတယ်လို့ ရွှိုင်ဂူက ဝေါလေ့စ်ကို ပြောပါတယ်။
ရွှိုင်ဂူဟာ အောက်တိုဘာ ၂၃ ရက်အစောပိုင်းမှာ ပြင်သစ်နဲ့ တူရကီ ကာကွယ်ရေးဝန်ကြီးတွေ နဲ့လည်း ဖုန်းဆက်ပြောဆိုခဲ့ပါသေးတယ်။
ရုရှားက သူ့အဆိုကို ထောက်ခံဖို့ အထောက်အထား မပြပေမဲ့ ယူကရိန်းရဲ့ အခြေအနေဟာ အလျင်အမြန် ယိုယွင်းနေပြီး ထိန်းမနိုင်သိမ်းမရ အခြေအနေတွေ တိုးမြင့်လာနေတယ်လို့ သတိပေးထားပါတယ်။
တွစ်တာမှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက တယ်လီ ဖုန်းပြောဆိုမှု အသေးစိတ်ကို အတည်ပြုပြောကြားပါတယ်။