close

ယူကေအစိုးရ

close

April 7, 2023

ရွှေ့ပြောင်းအခြေချသူ ၅၀၀ ကို နေရာချပေးရန် ယူကေအစိုးရက သင်္ဘောကြီး ၁ စင်း ငှားရမ်း

ဗြိတိန်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတနေရာမှာ ရွှေ့ပြောင်းအခြေချသူ အယောက် ၅၀၀ ကို နေရာချပေးဖို့အတွက် ဝမ်းပြားသင်္ဘောကြီးတစင်းကို ငှားရမ်းခဲ့တယ်လို့ ဧပြီ ၅ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ယူကေအစိုးရက ပြောပါတယ်။

ဒါဟာ ခိုလှုံခွင့်တောင်းခံမှုတွေအပေါ် စိစစ်နေစဉ်မှာ ယာယီနေထိုင်နိုင်ဖို့အတွက် ကုန်ကျစရိတ်များပြားတဲ့ ဟိုတယ်တွေအပေါ် အသုံးပြုမှုလျှော့ချရေး ကြိုးပမ်းချက် တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

ဘစ်ဘီ စတော့ခ်ဟုမ်း အမည်ရ သင်္ဘောကြီးဟာ ဒေါဆတ်ကောင်တီမှာရှိတဲ့ ပေါ့တ်လန်းဆိပ်ကမ်းမှာ ဆိုက်ကပ်မှာဖြစ်ပြီး အရွယ်ရောက်ပြီးသား လူလွတ် အမျိုးသား အယောက် ၅၀၀ ကို အဲ့ဒီမှာ နေရာချထားမှာဖြစ်တယ်လို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားပါတယ်။

ဒီရေယာဉ်ကြီးပေါ်မှာ အခြေခံကျပြီး လက်တွေ့ဆန်တဲ့ နေရာထိုင်ခင်းအပြင် အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပါ ထောက်ပံ့ပေးမှာဖြစ်သလို လုံခြုံရေးတွေလည်း ပါဝင်မှာဖြစ်တယ်လို့ အစိုးရက ဆိုပါတယ်။

ဒီသင်္ဘောပိုင်ရှင်ကုမ္ပဏီရဲ့ အဆိုအရ ဘား၊ စားသောက်ဆိုင်နဲ့ ဂိမ်းတွေ ဆော့ကစားနိုင်မယ့် အခန်း အပါအဝင် အိပ်ခန်းပေါင်း ၂၂၂ ခန်း ပါဝင်တယ်လို့ သိရပါတယ်။

လာမယ့်လအတွင်း ရွှေ့ပြောင်းအခြေချသူတွေကို ဒီသင်္ဘောကြီးပေါ်မှာ ပြောင်းရွှေ့ထားမှာ ဖြစ်သလို အနည်းဆုံး ၁၈ လကြာ လည်ပတ်နိုင်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

တခြားဆိပ်ကမ်းတွေမှာလည်း နောက်ထပ် သင်္ဘောကြီးတွေကို ဒီလို အသုံးပြုနိုင်ဖို့အတွက် ဆွေးနွေးနေတယ်ဆိုပြီး ဖြည့်စွက်ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်ကတော့ လာမယ့်နှစ် ရွေးကောက်ပွဲမတိုင်ခင် သူ့ရဲ့  ထိပ်တန်းဦးစားပေး ကိစ္စရပ်တွေထဲက တခုဖြစ်တဲ့ တရားမဝင် ရွှေ့ပြောင်းအခြေချမှုအပေါ် နှိမ်နင်းဖို့ လုပ်ဆောင်ခဲ့သလို အင်္ဂလိပ်ရေလက်ကြားကို လှေငယ်တွေနဲ့အတူ ဖြတ်ကျော်ရောက်ရှိလာတဲ့ ခိုလှုံခွင့်တောင်းခံသူတွေ ဝင်ရောက်လာမှုအပေါ်မှာလည်း ဟန့်တားနိုင်ရေး အစီအစဉ်တွေကိုပါ ချမှတ်ခဲ့ပါတယ်။

14 mins Ago

December 3, 2022

မြန်မာနိုင်ငံသို့ ခရီးသွားသတိပေးချက် ယူကေအစိုးရထုတ်ပြန်

မြန်မာနိုင်ငံမှာ ရန်ကုန်မြို့မှလွဲပြီး အခြားဒေသတွေကို မဖြစ်မနေကိစ္စကလွဲပြီး သွားရောက်လည်ပတ်တာတွေ မပြုလုပ်ကြဖို့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ဒီဇင်ဘာလ ၂ ရက်က အကြံပြုချက်ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရိလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ လက်လုပ်ဗုံးနဲ့ တိုက်ခိုက်မှုတွေအပါအဝင် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ အဲဒီအကြုံပြုချက်ကဆိုပါတယ်။ 

ရန်ကုန်မြို့အနှံ့မှာလည်း စစ်ဘက်ဆိုင်ရာနေရာတွေနဲ့ စစ်ဘက်ဆိုင်ရာ လူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေရှိနေတာကြောင့် နိုင်ငံခြားသားတွေ မကြာခဏသွားရောက်တတ်တဲ့ တည်းခိုခန်းနဲ့ ဟိုတယ်လိုနေရာတွေ၊ ဈေးဝယ်စင်တာတွေနဲ့ စားသောက်ဆိုင်တွေမှာလည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားနိုင်ချေရှိပြီး အနီးဝန်းကျင်က အရပ်သားတွေကိုလည်း ထိခိုက်မှုတွေ ရှိစေနိုင်တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံကို မသွားမီကတည်းက မြန်မာနိုင်ငံဝင်ဖို့ လိုအပ်ချက်တွေနဲ့ တားမြစ်ချက်တွေကို အရင်လေ့လာသင့်တယ်လို့ ဆိုပါတယ်။ အဲဒီအချက်တွေဟာ အချိန်မရွေးပြောင်းလဲနိုင်တာကြောင့် နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို သိရှိနေအောင်လုပ်ဖို့၊ ကိုယ့်ရဲ့ခရီးကို စီစဉ်ပေးတဲ့သူနဲ့ အဆက်အသွယ်မပြတ်စေဖို့ အကြံပြုထားပါတယ်။ 

ယူကေတိုက်ရိုက်မဟုတ်ဘဲ ကြားခံနိုင်ငံတခုကနေ တဆင့်ပြန်ရမယ်ဆိုရင်လည်း သက်ဆိုင်ရာနိုင်ငံအတွက် ထုတ်ပြန်ထားတဲ့ ခရီးသွားအကြံပြုချက်ကို လေ့လာထားပါလို့ ဆိုပါတယ်။

အခုချိန်မှာ ခရီးသွားအာမခံဟာလည်း ခါတိုင်းထက်ပိုအရေးကြီးတာကြောင့် ခရီးသွားအာမခံမှာ လိုအပ်တဲ့အချက်တွေ ပါမပါစစ်ဆေးဖို့နဲ့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးကထုတ်ပြန်ထားတဲ့ နိုင်ငံခြားခရီးသွားအာမခံလမ်းညွှန်ကို ဖတ်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ အရေးပေါ်အခြေအနေကြေညာာထားဆဲဖြစ်ပြီး၊ လုံခြုံရေးအခြေအနေတွေဟာ ကြိုတင်မှန်းဆမရနိုင်အောင် အချိန်မရွေး ပြောင်းလဲနိုင်တယ်လို့ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှု၊ အဝေးပစ်လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေ ရှိနေသလို မြေမြှုပ်မိုင်းထောင်ထားတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ 

မြို့တွေမှာ နေ့စဉ်ဘဝကို သာမန်လို ဖြတ်သန်းနေကြပေမဲ့ လက်နက်ကိုင်အဖွဲ့အချို့ကတော့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ဖောက်ခွဲမှုတွေ လုပ်ဖို့ ကြိုးစားနေကြမှာပဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ရန်ကုန်မြို့အတွင်းမှာ ရှိနေခဲ့ရင်လည်း အမြဲတမ်းသတိထားဖို့၊ ဒေသခံတွေရဲ့ အကြံပေးချက်ကိုယူဖို့၊ သက်ဆိုင်ရာဒေသအလိုက် တားမြစ်ချက်တွေကို သိအောင်လုပ်ဖို့ အကြံပေးထားပါတယ်။ မာရှယ်လောထုတ်ထားတဲ့ မြို့နယ်တွေကိုလည်း သတိထားပြီးသိအောင်လုပ်ဖို့ တိုက်တွန်းထားပါတယ်။ 

မြန်မာနိုင်ငံမှာ အချိန်မရွေးအဖမ်းခံရနိုင်တဲ့ အန္တရာယ်ရှိပြီး အဲဒီလိုအဖမ်းခံခဲ့ရရင်လည်း တရားရင်ဆိုင်ရတဲ့ လုပ်ငန်းစဉ်တွေက နိုင်ငံတကာစံချိန်စံညွှန်းထက်နိမ့်ကျတယ်လို့ ဖော်ပြထားပါတယ်။ ဘာမဟုတ်တဲ့ အသေးအဖွဲလေးကအစ ဖမ်းစရာအကြောင်းပြချက်ဖြစ်သွားနိုင်ပြီး မြန်မာနိုင်ငံဟာ နိုင်ငံနှစ်နိုင်ငံမှာ နိုင်ငံသားပြိုင်တူဖြစ်ခွင့်ကို လက်မခံဘူးလို့ဆိုပါတယ်။ 

မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီဟာ အလွတ်တမ်းသတင်းထောက်လုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ဆောင်မှုအမျိုးမျိုးအပေါ် အလွန်သံသယများပြီး အမှားမခံဘူးလို့ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံရဲ့ ဘဏ်စနစ်အတော်များများဟာလည်း ပြိုလဲနေပြီး ဘဏ်တွေအမြောက်အမြား ပိတ်ထားရသလို အချို့ ATM တွေမှာလည်း ငွေထုတ်လို့မရနိုင်ဘူးလို့ ဆိုပါတယ်။ ကတ်စနစ်နဲ့ ငွေပေးချေမှုတွေ ဆောင်ရွက်နိုင်ပေမယ့် ကိုယ်ပေးချေမယ့်နေရာမှာ ရမရကိုတော့ ကြိုတင်သေချာအောင်မေးထားသင့်တယ်လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါပိုးနဲ့ ပါတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံအတွင်းဆောင်ရန်ရှောင်ရန် အချက်များနဲ့ အကယ်၍ ကိုဗစ်ကူးစက်ခံရပါက ဆောင်ရွက်ရမယ့် အချက်တွေ၊ လိုက်နာရမည့် အချက်တွေ၊ သိထားရမယ် အချက်များကို ဖော်ပြထားပါတယ်။ 

အဲဒီအကြံပြုချက်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေကို အကြမ်းဖျဉ်းဖော်ပြထားပြီး မြန်မာနိုင်ငံမှာ ကြုံတွေ့ရနိုင်တဲ့ ရာဇဝတ်မှုတွေနဲ့ လိမ်လည်မှုတွေကိုလည်း ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံရဲ့ နယ်စပ်ရေးရာအခြေအနေတွေအပါအဝင် နယ်စပ်ဝန်းကျင်ကတိုက်ပွဲတွေအကြောင်း၊ မြေမြှုပ်မိုင်းတွေအကြောင်းနဲ့ မီးရထား၊ ကား၊ လေယာဉ်၊ သင်္ဘောအစရှိတဲ့ မြန်မာနိုင်ငံအတွင်းက သယ်ယူပို့ဆောင်ရေးအကြောင်းတွေကိုပါ ဖော်ပြထားပါတယ်။ 

အဲဒါတွေအပြင် မြန်မာနိုင်ငံက တယ်လီဖုန်းနဲ့ အင်တာနက်ကွန်ယက်ဆိုင်ရာ ဆက်သွယ်ရေးအခြေအနေ၊ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေအကြောင်း၊ ကျန်းမာရေးဆိုင်ရာနဲ့ သဘာဝဘေးအန္တရာယ်တွေအကြောင်း၊ ငွေကြေးဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ ခရီးသွားစဉ်လိုအပ်ပါက မည်ကဲ့သို့ အကူရယူနိုင်မည် ဆိုတဲ့အကြောင်းတွေကို အဲဒီ အကြံပြုချက်မှာ ဖော်ပြထားပါတယ်။

4 months Ago
Up