ထိုင်းရိုးရာသင်္ကြန်ရေသဘင်ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲသွင်းဖို့ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ပဏာမ ထည့်သွင်း စဉ်းစားနေတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေကပါ ခုံမင်စွာ လာရောက်ဆင်နွှဲလေ့ရှိတဲ့ ထိုင်းရိုးရာသင်္ကြန်ပွဲကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ပါဝင်ခွင့်ရအောင်ဖို့ ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ယူနက်စကိုအဖွဲ့ထံ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီ ၂၀၂၃ ခုနှစ်ထဲမှာတော့ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ပဏာမ ထည့်သွင်းစဉ်းစားနေတဲ့ ယဉ်ကျေးမှုဆိုင်ရာ စာရင်းတွေထဲမှာ ထိုင်းရိုးရာသင်္ကြန်ပွဲ (Songkran in Thailand, traditional Thai New Year festival) လည်း ပါဝင်လာတာပါ။
သကြင်္န်ဆိုတဲ့ ဝေါဟာရဟာ သက္ကတဘာသာကနေ ဆင်းသက်လာပြီး သင်္ကြန်ပွဲကို ထိုင်းနိုင်ငံမှာတင်မကဘဲ အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ၊ တရုတ် (ဆစ်ဆောင်ပန္နား)၊ ကမ္ဘောဒီးယား စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ဆင်နွှဲကြတာပါ။
ဒါပေမဲ့ ထိုင်းသင်္ကြန်မှာ တခြားနိုင်ငံနဲ့မတူ တမူထူးခြားတဲ့ ကိုယ်ပိုင်ဟန် ဓလေ့ထုံးတမ်းစဉ်လာ၊ လက်မှုအနုပညာ၊ အစားအသောက်တွေနဲ့ ဆင်ယင်ကျင်းပတာကြောင့် World Heritage site လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အမွေအနှစ်အနေနဲ့ တင်သွင်းတာမဟုတ်ဘဲ ထိုင်းယဉ်ကျေးမှုသင်္ကြန် Intangible Cultural Heritage - ICH အဖြစ် လျှောက်ထားတင်သွင်းတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တုမ့်ယမ်းကုန့်လို့ခေါ်တဲ့ ပုစွန်ဟင်းရည်ကိုလည်း ထိုင်းရိုးရာအမွေအနှစ် ဟင်းလျာအဖြစ် လျှောက်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ ခွန် လို့ခေါ်တဲ့ ထိုင်းရိုးရာ မျက်နှာဖုံးစွပ်အက၊ နိုရာလို့ခေါ်တဲ့ ရိုးရာအက၊ အနှိပ်ပညာ စတဲ့ ၃ မျိုးကတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းသတ်မှတ်ခံထားရပြီး ဖြစ်ပါတယ်။
ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းသတ်မှတ်ခံရတဲ့ အရာတွေဟာ ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေ ရရှိမှာဖြစ်တဲ့အပြင် ကမ္ဘာ့အလယ်မှာ ပိုမိုထင်ပေါ် ကျော်ကြားသွားမှာ ဖြစ်ပါတယ်။
ကိုးကား - mgronline.com
ဒုက္ခသည်တွေကို ကြိုဆိုဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂျာမနီအဓိပတိဟောင်း အိန်ဂျလာမာကယ်ကို သြဂုတ် ၂၃ ရက်မှာ UNESCO က ၂၀၂၂ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့ပါတယ်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ ၂၀၁၅ ခုနှစ်အတွင်း အထူးသဖြင့် အီရတ်၊ အာဖဂန်နစ္စတန်၊ အီရီထရီးယားနဲ့ ဆီးရီးယားနိုင်ငံတွေက ဒုက္ခသည်ပေါင်း ၁ ဒသမ ၂ သန်းကို ကြိုဆိုဖို့ မာကယ်ရဲ့ ‘ရဲရင့်တဲ့’ ဆုံးဖြတ်ချက်အတွက် ဖီလစ် ဆူဖွှဲ ဘွဲ့နီ ယူနက်စကို (Félix Houphouët-Boigny-UNESCO) ငြိမ်းချမ်းရေးဆုကို ခုံသမာဓိအဖွဲ့က ပေးအပ်ချီးမြှင့်လိုက်တယ်လို့ ဆိုပါတယ်။
မာကယ်ဟာ ဂျာမနီရဲ့ အဓိပတိအဖြစ် ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး ၂၀၂၁ ခုနှစ်မှာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ ဒုက္ခသည်အကျပ်အတည်းက သူ့ရဲ့ တတိယသက်တမ်းကို လွှမ်းမိုးထားတာပါ။ သူ့လုပ်ရပ်က တချို့လူတွေကြားမှာ ရေပန်းစားပြီး တခြားလူတွေကြားမှာတော့ ကြိုဆိုမခံရဘဲ ဒီနေ့ခေတ်အထိ ဆက်ပြီး ဂယက်ရိုက်နေဆဲပါ။
၂၀၁၅ ခုနှစ်မှာ အထူးသဖြင့် ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ အီရတ်တို့မှာ အရှေ့အလယ်ပိုင်း စစ်ပွဲတွေကြောင့် ဥရောပနယ်စပ်ကို ထွက်ပြေးလာသူတွေ တိုးလာခဲ့ပါတယ်။
အရေးကြီးတဲ့ အခိုက်အတန့်မှာ မာကယ်ဟာ ဂျာမနီရဲ့ နယ်နိမိတ်တွေကို ဖွင့်ပေးခဲ့ပြီး နိုင်ငံတွင်း ခိုလှုံခွင့်တောင်းသူ ထောင်ပေါင်းများစွာကို ကြိုဆိုခဲ့ပါတယ်။
၂၀၁၅ နှစ်ကုန်ပိုင်းမှာ ခိုလှုံခွင့်တောင်းခံသူ အယောက် ၈၉၀,၀၀၀ ဟာ မှန်ကန်တဲ့ အထောက်အထား စစ်ဆေးမှုမရှိဘဲ ဂျာမနီကို ဝင်လာခဲ့ပြီး အများစုဟာ မှန်ကန်တဲ့ အထောက်အထား စစ်ဆေးမှုတွေမရှိဘဲ ဒေသခံလူထုအပေါ် လွှမ်းမိုးခဲ့လို့ ဒေသခံအသိုင်းအဝိုင်းတချို့က ဆူပူအုံကြွခဲ့ကြပါတယ်။