ဂျာမနီအဓိပတိဟောင်း အိန်ဂျလာမာကယ် ယူနက်စကို ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ

ဒုက္ခသည်တွေကို ကြိုဆိုဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂျာမနီအဓိပတိဟောင်း အိန်ဂျလာမာကယ်ကို သြဂုတ် ၂၃ ရက်မှာ UNESCO က ၂၀၂၂ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့ပါတယ်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ ၂၀၁၅ ခုနှစ်အတွင်း အထူးသဖြင့် အီရတ်၊ အာဖဂန်နစ္စတန်၊ အီရီထရီးယားနဲ့ ဆီးရီးယားနိုင်ငံတွေက ဒုက္ခသည်ပေါင်း ၁ ဒသမ ၂ သန်းကို ကြိုဆိုဖို့ မာကယ်ရဲ့ ‘ရဲရင့်တဲ့’ ဆုံးဖြတ်ချက်အတွက် ဖီလစ် ဆူဖွှဲ ဘွဲ့နီ ယူနက်စကို (Félix Houphouët-Boigny-UNESCO) ငြိမ်းချမ်းရေးဆုကို ခုံသမာဓိအဖွဲ့က ပေးအပ်ချီးမြှင့်လိုက်တယ်လို့ ဆိုပါတယ်။
မာကယ်ဟာ ဂျာမနီရဲ့ အဓိပတိအဖြစ် ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး ၂၀၂၁ ခုနှစ်မှာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ ဒုက္ခသည်အကျပ်အတည်းက သူ့ရဲ့ တတိယသက်တမ်းကို လွှမ်းမိုးထားတာပါ။ သူ့လုပ်ရပ်က တချို့လူတွေကြားမှာ ရေပန်းစားပြီး တခြားလူတွေကြားမှာတော့ ကြိုဆိုမခံရဘဲ ဒီနေ့ခေတ်အထိ ဆက်ပြီး ဂယက်ရိုက်နေဆဲပါ။
၂၀၁၅ ခုနှစ်မှာ အထူးသဖြင့် ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ အီရတ်တို့မှာ အရှေ့အလယ်ပိုင်း စစ်ပွဲတွေကြောင့် ဥရောပနယ်စပ်ကို ထွက်ပြေးလာသူတွေ တိုးလာခဲ့ပါတယ်။
အရေးကြီးတဲ့ အခိုက်အတန့်မှာ မာကယ်ဟာ ဂျာမနီရဲ့ နယ်နိမိတ်တွေကို ဖွင့်ပေးခဲ့ပြီး နိုင်ငံတွင်း ခိုလှုံခွင့်တောင်းသူ ထောင်ပေါင်းများစွာကို ကြိုဆိုခဲ့ပါတယ်။
၂၀၁၅ နှစ်ကုန်ပိုင်းမှာ ခိုလှုံခွင့်တောင်းခံသူ အယောက် ၈၉၀,၀၀၀ ဟာ မှန်ကန်တဲ့ အထောက်အထား စစ်ဆေးမှုမရှိဘဲ ဂျာမနီကို ဝင်လာခဲ့ပြီး အများစုဟာ မှန်ကန်တဲ့ အထောက်အထား စစ်ဆေးမှုတွေမရှိဘဲ ဒေသခံလူထုအပေါ် လွှမ်းမိုးခဲ့လို့ ဒေသခံအသိုင်းအဝိုင်းတချို့က ဆူပူအုံကြွခဲ့ကြပါတယ်။