close

ယူနီဆက်ဖ်

close

April 25, 2023

ကလေးများ ကာကွယ်ဆေးထိုးနိုင်ရန် WHO က ယူနီဆက်ဖ်၊ ဂိတ်စ်ဖောင်ဒေးရှင်းတို့နှင့် ပူးတွဲဆောင်ရွက်

ရောဂါကပ်ဘေးကြောင့် ကလေးတွေကာကွယ်ဆေး ပုံမှန်ထိုးနှံတဲ့နှုန်း ကျဆင်းလာတာကနေ ဆေးထိုးနှုန်းပြန်တက်လာအောင်လုပ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ဘီလ်အန် မလင်ဒါဂိတ်စ် ဖောင်ဒေးရှင်းနဲ့ တခြား အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေ၊ အေဂျင်စီတွေနဲ့ လက်တွဲ ဆောင်ရွက်နေတယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။

WHO, UNICEF, the GAVI ကာကွယ်ဆေးထိုးနှံရေး မဟာမိတ် ၃ ဖွဲ့နဲ့ ဘီလ်အန် မလင်ဒါဂိတ်စ် ဖောင်ဒေးရှင်းတို့ရဲ့ ကနဦးခြေလှမ်းကို ဧပြီ ၂၄ ရက်မှာ စတင်ခဲ့တာပါ။

ဝက်သက်နဲ့ အသားဝါဖျားရောဂါလို ကာကွယ်ဆေးနဲ့ ဟန့်တားနိုင်တဲ့ ရောဂါကူးစက်မှုတွေကနေ ကာကွယ်ဖို့ ကြိုးစားနေကြပါတယ်။

၂၀၂၁ ခုနှစ်တည်းက ကာကွယ်ဆေးမထိုးရတဲ့ ကလေး ၇၅ ရာခိုင်နှန်းရှိနေတဲ့ နိုင်ငံ ၂၀ မှာ ကာကွယ်ဆေးထိုးနှုန်း တိုးမြှင့်ဖို့ အာရုံစိုက် အားထုတ်နေတာပါ။

ကိုဗစ်-၁၉ ကပ်ဘေးအတွင်း ဆေးထိုးအပ်နဲ့ တခြား ဆေးဘက်အထောက်အပံ့တွေ သယ်ယူပို့ဆောင်ရေး အနှောင့်အယှက် ဖြစ်ခဲ့သလို အသွားအလာ ပိတ်ဆို့ကန့်သတ်ချက်တွေနဲ့ ဆေးရုံဆေးခန်းတွေမှာ ဝန်ပိနေတာတွေကြောင့် ကလေးတွေရဲ့ ကာကွယ်ဆေးထိုးနှုန်း ကျဆင်းခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ အသက်တနှစ်အောက် ကလေး ၂၅ သန်းဟာ အခြေခံကာကွယ်ဆေးတွေ မထိုးခဲ့ရဘဲ တကမ္ဘာလုံး ကလေးတွေ ကာကွယ်ဆေး ထိုးနှုန်းဟာလည်း ၅ ရာခိုင်နှုန်း ကျဆင်းပြီး ၈၁ ရာခိုင်နှုန်းဆီ ရောက်ခဲ့တယ်လို့ WHO က ပြောပါတယ်။

8 mins Ago

September 7, 2022

ဆိုမာလီယာတွင် အငတ်ဘေးကြောင့် ကလေး ၇၀၀ ကျော် သေဆုံးခဲ့ဟု ယူနီဆက်ဖ်ပြော

အငတ်ဘေးကြောင့် ဆိုမာလီယာနိုင်ငံတဝန်း အာဟာရစင်တာတွေမှာ ကလေးအယောက် ၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးငယ်များအေဂျင်စီ (UNICEF) က စက်တင်ဘာ ၆ ရက်မှာ ပြောပါတယ်။

လာမယ့်လတွေအတွင်း ဆိုမာလီယာရဲ့ အစိတ်အပိုင်းတွေမှာ အငတ်ဘေးကြုံရမယ်လို့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့က သတိပေးခဲ့ပြီး နောက်တရက်အကြာမှာ ခုလို ပြောလိုက်တာပါ။

ဆိုမာလီယာနိုင်ငံအတွင်း ၂၀၁၁ ခုနှစ်က အငတ်ဘေးကြောင့် လူ ၁ သန်းရဲ့ လေးပုံတပုံကျော် သေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ ကလေးငယ်တွေ ဖြစ်ခဲ့ပါတယ်။

အခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း နိုင်ငံတဝန်း အစားအသောက်နဲ့ အာဟာရစင်တာတွေမှာ ကလေးငယ် အယောက် ၇၃၀ လောက် သေဆုံးခဲ့တယ်လို့ သတင်းရပေမဲ့ သေဆုံးသူအရေအတွက်ကို အတိအကျ အစီရင်ခံတာ မရှိတာကြောင့် တကယ် သေဆုံးသူ အရေအတွက်က ပိုများလာနိုင်တယ်လို့ ယူနီဆက်ဖ်ရဲ့ ဆိုမာလီယာကိုယ်စားလှယ် ဝါဖာ ဆာအိက ဂျီနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အာဟာရစင်တာတွေဆီလာတဲ့ လမ်းတလျှောက်မှာ ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ မိသားစု အများကြီးကို ကျနော်တွေ့ခဲ့ရပါတယ်” လို့ မိုဂါဒစ်ရှူးမြို့ ယူနီဆက်ဖ်ရဲ့ပြောခွင့်ရ ဗစ်တာ ချင်ယာမာက ပြောပါတယ်။

မကြာသေးမီလတွေအတွင်း ဝက်သက်ရောဂါ သံသယရှိသူ ၁၃,၀၀၀ လောက်ဟာ ကလေးငယ်တွေကြားမှာ ရောဂါဖြစ်ပွားမှု တိုးလာကြောင်း၊ သူတို့ထဲက ၇၈ ရာခိုင်နှုန်းဟာ ငါးနှစ်အောက်ကလေးတွေလို့ ယူနီဆက်ဖ်က ပြောပါတယ်။

8 months Ago
Up