ဆိုမာလီယာတွင် အငတ်ဘေးကြောင့် ကလေး ၇၀၀ ကျော် သေဆုံးခဲ့ဟု ယူနီဆက်ဖ်ပြော

အငတ်ဘေးကြောင့် ဆိုမာလီယာနိုင်ငံတဝန်း အာဟာရစင်တာတွေမှာ ကလေးအယောက် ၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးငယ်များအေဂျင်စီ (UNICEF) က စက်တင်ဘာ ၆ ရက်မှာ ပြောပါတယ်။
လာမယ့်လတွေအတွင်း ဆိုမာလီယာရဲ့ အစိတ်အပိုင်းတွေမှာ အငတ်ဘေးကြုံရမယ်လို့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့က သတိပေးခဲ့ပြီး နောက်တရက်အကြာမှာ ခုလို ပြောလိုက်တာပါ။
ဆိုမာလီယာနိုင်ငံအတွင်း ၂၀၁၁ ခုနှစ်က အငတ်ဘေးကြောင့် လူ ၁ သန်းရဲ့ လေးပုံတပုံကျော် သေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ ကလေးငယ်တွေ ဖြစ်ခဲ့ပါတယ်။
အခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း နိုင်ငံတဝန်း အစားအသောက်နဲ့ အာဟာရစင်တာတွေမှာ ကလေးငယ် အယောက် ၇၃၀ လောက် သေဆုံးခဲ့တယ်လို့ သတင်းရပေမဲ့ သေဆုံးသူအရေအတွက်ကို အတိအကျ အစီရင်ခံတာ မရှိတာကြောင့် တကယ် သေဆုံးသူ အရေအတွက်က ပိုများလာနိုင်တယ်လို့ ယူနီဆက်ဖ်ရဲ့ ဆိုမာလီယာကိုယ်စားလှယ် ဝါဖာ ဆာအိက ဂျီနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“အာဟာရစင်တာတွေဆီလာတဲ့ လမ်းတလျှောက်မှာ ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ မိသားစု အများကြီးကို ကျနော်တွေ့ခဲ့ရပါတယ်” လို့ မိုဂါဒစ်ရှူးမြို့ ယူနီဆက်ဖ်ရဲ့ပြောခွင့်ရ ဗစ်တာ ချင်ယာမာက ပြောပါတယ်။
မကြာသေးမီလတွေအတွင်း ဝက်သက်ရောဂါ သံသယရှိသူ ၁၃,၀၀၀ လောက်ဟာ ကလေးငယ်တွေကြားမှာ ရောဂါဖြစ်ပွားမှု တိုးလာကြောင်း၊ သူတို့ထဲက ၇၈ ရာခိုင်နှုန်းဟာ ငါးနှစ်အောက်ကလေးတွေလို့ ယူနီဆက်ဖ်က ပြောပါတယ်။