မနေ့ညက ကစားသွားတဲ့ ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းက ဒိန်းမတ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်သွားပါတယ်။
မနေ့ညက ပွဲစဉ် ပထမပိုင်း ပွဲချိန် မိနစ် ၃၀ မှာ ဒိန်းမတ်အသင်းအတွက်အဖွင့် ဂိုးကို မိုက်ကယ်ဒမ်းစ်ဂါ့ဒ်က ဖရီးကစ်ကနေတဆင့် လှလှပပ ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးရပြီး ၁၀ မိနစ်လောက်အကြာ ပွဲချိန် ၃၉ မိနစ်မှာပဲ အင်္ဂလန်ဘက်က ဂိုးရှေ့ဖြတ်တင်ပေးတဲ့ ဘောလုံးဟာ ဒိန်းမတ်ကစားသမား ခီယာနဲ့ ထိပြီး ဂိုးဝင်သွားတာကြောင့် ဒိန်းမတ်အသင်း ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။
ဒီနောက် ပထမပိုင်းလက်ကျန်ပွဲချိန်နဲ့ ဒုတိယပိုင်းပွဲပြီးချိန် မိနစ် ၉၀ အထိ နှစ်သင်းစလုံး ဂိုးထပ်မသွင်းနိုင်ပဲ သရေကျနေခဲ့ပါတယ်။ အချိန်ပိုဆက်ကစားကြရာမှာ ပွဲချိန် ၁၀၄ မိနစ်မှာ အင်္ဂလန်အသင်းက စတာလင် ဒိန်းမတ်ဂိုးဧရိယာထဲမှာ လဲကျသွားလို့ ပင်နယ်တီပြစ်ဒဏ်ဘော ကန်သွင်းခွင့်ရခဲ့ပါတယ်။ ပင်နယ်တီကို အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ကန်သွင်းရာမှာ ဒိန်းမတ်ဂိုးသမား ပစ်ဖို့ဒ်က ကာကွယ်နိုင်ခဲ့ပေမဲ့ ပြန်ထွက်လာတဲ့ ဘောလုံးကို ကိန်းက ထပ်ပိတ်ကန်သွင်းနိုင်ခဲ့လို့ ဂိုးဝင်ပြီး အင်္ဂလန်အသင်း အနိုင်ရသွားတာပါ။
ဒီပွဲမှာ အင်္ဂလန်က ဒိန်းမတ်ထက် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်တွေပါ ပိုရခဲ့ပြီး ရှုံးပွဲမရှိ ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ခုလို အဓိကပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ရောက်ဖို့ ၅၅ နှစ်ကြာစောင့်ခဲ့ရတာဖြစ်ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲမှာတော့ အင်္ဂလန်အသင်းဟာ အီတလီအသင်းနဲ့ ဝင်ဘလေကွင်းမှာ လာမယ့် တနင်္ဂနွေနေ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမယ့် ဒီအောင်မြင်မှုဟာ အသင်းသားတွေအတွက် ကျေနပ်လောက်စရာ အောင်မြင်မှုမဟုတ်သေးကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ဆီမီးဖိုင်နယ်အဆင့်နဲ့ ကျေနပ်ခဲ့သလို ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ဖလားမှာလည်း ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တာပါ။
အခုနှစ် ယူရိုပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပေမယ့် ကျေနပ်စရာမဟုတ်သေးကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။
“လွန်ခဲ့တဲ့ ၃ နှစ်တုန်းကလိုမျိုး ဆီမီးဖိုင်နယ်တစ်ခုကို တက်ရောက်နိုင်ခဲ့တာလောက်နဲ့ လုံးဝ မကျေနပ်နိုင်ပါဘူး။ ဒီအချိန်မှာတော့ အဲဒီအချိန်တုန်းက လုပ်ဆောင်ခဲ့သလိုမျိုး တဖန်ပြန်လုပ်ပြနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ ဒီအဆင့်က အသင်းသားတွေရဲ့ စိတ်အာသီသကို ဖြေသိမ့်နိုင်မှာတော့ မဟုတ်ပါဘူး။ ဒါက အပေါင်းလက္ခဏာဆောင်တဲ့ သင်ခန်းစာတစ်ခု ဖြစ်ပါတယ်” လို့ နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။
နောက်ထပ်ကောင်းမွန်တဲ့အချက်က ကစားသမားတွေဟာ အတွေ့အကြုံကောင်းတွေ ပိုများလာပြီး ပရိသတ်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိလာတယ်လို့ နည်းပြ ဆောက်ဂိတ်က ချီးကျူးခဲ့ပါတယ်။