ဒိန်းမတ်ကို (၂-၁) ဂိုးဖြင့်နိုင်ပြီး အင်္ဂလန်ဗိုလ်လုပွဲတက်

မနေ့ညက ကစားသွားတဲ့ ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းက ဒိန်းမတ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်သွားပါတယ်။
မနေ့ညက ပွဲစဉ် ပထမပိုင်း ပွဲချိန် မိနစ် ၃၀ မှာ ဒိန်းမတ်အသင်းအတွက်အဖွင့် ဂိုးကို မိုက်ကယ်ဒမ်းစ်ဂါ့ဒ်က ဖရီးကစ်ကနေတဆင့် လှလှပပ ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးရပြီး ၁၀ မိနစ်လောက်အကြာ ပွဲချိန် ၃၉ မိနစ်မှာပဲ အင်္ဂလန်ဘက်က ဂိုးရှေ့ဖြတ်တင်ပေးတဲ့ ဘောလုံးဟာ ဒိန်းမတ်ကစားသမား ခီယာနဲ့ ထိပြီး ဂိုးဝင်သွားတာကြောင့် ဒိန်းမတ်အသင်း ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။
ဒီနောက် ပထမပိုင်းလက်ကျန်ပွဲချိန်နဲ့ ဒုတိယပိုင်းပွဲပြီးချိန် မိနစ် ၉၀ အထိ နှစ်သင်းစလုံး ဂိုးထပ်မသွင်းနိုင်ပဲ သရေကျနေခဲ့ပါတယ်။ အချိန်ပိုဆက်ကစားကြရာမှာ ပွဲချိန် ၁၀၄ မိနစ်မှာ အင်္ဂလန်အသင်းက စတာလင် ဒိန်းမတ်ဂိုးဧရိယာထဲမှာ လဲကျသွားလို့ ပင်နယ်တီပြစ်ဒဏ်ဘော ကန်သွင်းခွင့်ရခဲ့ပါတယ်။ ပင်နယ်တီကို အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ကန်သွင်းရာမှာ ဒိန်းမတ်ဂိုးသမား ပစ်ဖို့ဒ်က ကာကွယ်နိုင်ခဲ့ပေမဲ့ ပြန်ထွက်လာတဲ့ ဘောလုံးကို ကိန်းက ထပ်ပိတ်ကန်သွင်းနိုင်ခဲ့လို့ ဂိုးဝင်ပြီး အင်္ဂလန်အသင်း အနိုင်ရသွားတာပါ။
ဒီပွဲမှာ အင်္ဂလန်က ဒိန်းမတ်ထက် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်တွေပါ ပိုရခဲ့ပြီး ရှုံးပွဲမရှိ ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ခုလို အဓိကပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ရောက်ဖို့ ၅၅ နှစ်ကြာစောင့်ခဲ့ရတာဖြစ်ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲမှာတော့ အင်္ဂလန်အသင်းဟာ အီတလီအသင်းနဲ့ ဝင်ဘလေကွင်းမှာ လာမယ့် တနင်္ဂနွေနေ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။