အကြမ်းဖက်စစ်ကောင်စီကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒီကနေ့မှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းကာ ဇေယျာသော်စစ်ဆင်ရေး ဆင်နွှဲအောင်မြင်ခဲ့တဲ့ ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့-ဆော Yaw Defense Force-SAW က ကျည်ဆန် ၁၀၀၀ ကမ်ပိန်းမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ အပေါင်းပါတွေက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့အပါအဝင် ၄ ယောက်ကို မတရား သေဒဏ်ကွပ်မျက်စီရင်ချက်ချတဲ့အပေါ် လက် တုန့်ပြန်တဲ့အနေနဲ့ ဇူလိုင် ၂၆ ရက် ဒီကနေ့မနက်ပိုင်းမှာ ပေါက်တောင်ပိုင်း စစ်ကောင်စီတပ်စွဲထားတဲ့ တပ်ကုန်းရွာ ပျူရွာတရွာကို PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြရာမှာ တိုင်းပြည်သစ္စာ ဖောက်လောက်ကောင် ပျူစောထီး ၃ ယောက်နဲ့ စစ်ကောင်စီ တပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
YDF-SAW နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကတော့ တစုံတယောက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့တာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
လတ်တလောမှာတော့ မတရားမှုတွေ အဆုံးသတ်ချိန်တန်ပြီဖြစ်တာကြောင့် နောက်ထပ်ပူးပေါင်းစစ်ဆင်ရေးတွေ အရှိန်တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပြီး ကျည်လိုအပ်ချက်တွေအတွက် ကျည်ဆန် ၁၀၀၀ ကမ်ပိန်းမှာ နိုင်ငံတဝန်း မိဘပြည်သူတွေကို ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်ထားပြီး လှူဒါန်းလိုပါက YDF-SAW ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ချက်ဘောက်စ်ကနေ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ပြီးခဲ့တဲ့ ဇွန် ၇ ရက်ကနေ ဇူလိုင် ၆ ရက်အထိ ၁ လတာကာလအတွင်း စစ်ကောင်စီဘက်က ၁,၉၇၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်က အယောက် ၈၉၀ ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြပါတယ်။
ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲမှာ မတ် ၁၆ ရက်ကနေ ၂၄ အထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးနဲ့ ယော PDF တပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးခဲ့တယ်လို့ ဂန့်ဂေါ PDF က မတ် ၂၇ ရက်ညမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မတ် ၁၆ ရက်က ပျူစောထီးကြီးစိုးတဲ့ ရွာနားမှာ ယော PDF တပ်ခွဲ- ၁ က ဒုတပ်စိတ်မှူး မိုင်းထောင်ရင်း မိုင်းပေါက်ကွဲ သေဆုံးခဲ့ပြီး မတ် ၁၇ ရက်မှာ မနက် ၄ နာရီလောက် ယော PDF က တောင်ခင်ရန်းရဲစခန်းကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာကနေ အပြန်လှန်ပစ်ခတ်မှုတွေ ရှိခဲ့သလို မတ် ၁၈ ရက်မှာက ပျူစောထီးတွေကြီးစိုးတဲ့ မြောက်ခင်ရန်းကျေးရွာကို ယော PDF နဲ့ မဟာမိတ်တပ်ဖွဲ့က ထိုးစစ်ဆင်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပကဖ ရဲဘော် ၁ ယောက်ကျဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဆက်လက်ပြီး မတ် ၂၀ နဲ့ ၂၁ ရက်မှာတော့ တောင်ခင်ရန်းရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၂၀ လောက်ကို ဂန့်ဂေါ PDF မဟာမိတ်အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။
မတ် ၂၁ ရက်တိုက်ပွဲမှာ ယော PDF တပ်ဖွဲ့ဘက်က ဒရုန်းနဲ့ ဗုံးသီးချတာ၊ လက်လုပ် ၆၀ မမနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၅ ဦး ကျဆုံးခဲ့ပါတယ်။ မတ် ၂၂ ရက်နေ့မှာတော့ တောင်ခင်ရန်း ရဲစခန်းကနေ လက်နက်ကြီးပစ်ကူနဲ့ စနိုက်ပါလက်ချက်ကြောင့် ယော PDF တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ် ၂၂ ရက်နဲ့ ၂၃ ရက်မှာ စစ်ကောင်စီဘက်က အင်အား ၂၀၀ လောက်နဲ့ နှမ်းခါးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ PDF တပ်ဖွဲနဲ့ ခေတ္တ ထိတွေ့မှုဖြစ်ခဲ့ပြီးနောက် စစ်ကော်စီတပ်သားတွေဟာ နှမ်းခါး၊ ရဲလှ၊ ချောင်းကောက် နဲ့ သာစည်ရွာက လူနေအိမ် ၄၁ လုံး၊ ယာစောင့်တဲ ၂ လုံးနဲ့ ကား ၁ စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဂန့်ဂေါ PDF က ထုတ်ပြန်ထားပါတယ်။
မတ် ၂၄ ရက်မှာတော့ စစ်ကောင်စီတပ်ဟာ မွှေ့လယ်နဲ့ မိုးစိုရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ယော PDF ဘက်က ခုခံတိုက်ခိုက်ခဲ့ပေမဲ့ လက်နက်အင်အား မမျှတာကြောင့် နောက်ဆုံးပေးခဲ့ရပါတယ်။ တိုက်ပွဲအပြီး စစ်ကောင်စီတပ်က မိုးစိုရွာက လူနေအိမ်အလုံး ၉၀ နဲ့ မွှေ့လယ်ရွာ နေအိမ် ၆ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသလို မွှေ့လယ်ရွာခံတဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလော ဂန့်ဂေါနယ်မြောက်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်သားတွေ နဲ့ ပျူစောထီးတွေ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူနေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။