close

ဂန့်ဂေါတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးနှင့် ယော PDF တပ်ဖွဲ့ဝင် ၈ ဦး ကျဆုံး

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲမှာ မတ် ၁၆ ရက်ကနေ ၂၄ အထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးနဲ့ ယော PDF တပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးခဲ့တယ်လို့ ဂန့်ဂေါ PDF က မတ် ၂၇ ရက်ညမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မတ် ၁၆ ရက်က ပျူစောထီးကြီးစိုးတဲ့ ရွာနားမှာ ယော PDF တပ်ခွဲ- ၁ က ဒုတပ်စိတ်မှူး  မိုင်းထောင်ရင်း မိုင်းပေါက်ကွဲ သေဆုံးခဲ့ပြီး မတ် ၁၇ ရက်မှာ မနက် ၄ နာရီလောက် ယော PDF က တောင်ခင်ရန်းရဲစခန်းကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာကနေ အပြန်လှန်ပစ်ခတ်မှုတွေ ရှိခဲ့သလို မတ် ၁၈ ရက်မှာက ပျူစောထီးတွေကြီးစိုးတဲ့ မြောက်ခင်ရန်းကျေးရွာကို ယော PDF နဲ့ မဟာမိတ်တပ်ဖွဲ့က ထိုးစစ်ဆင်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပကဖ ရဲဘော် ၁ ယောက်ကျဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဆက်လက်ပြီး မတ် ၂၀ နဲ့ ၂၁ ရက်မှာတော့ တောင်ခင်ရန်းရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၂၀ လောက်ကို ဂန့်ဂေါ PDF မဟာမိတ်အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။ 

မတ် ၂၁ ရက်တိုက်ပွဲမှာ ယော PDF တပ်ဖွဲ့ဘက်က  ဒရုန်းနဲ့ ဗုံးသီးချတာ၊ လက်လုပ် ၆၀ မမနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၅ ဦး ကျဆုံးခဲ့ပါတယ်။ မတ် ၂၂ ရက်နေ့မှာတော့ တောင်ခင်ရန်း ရဲစခန်းကနေ လက်နက်ကြီးပစ်ကူနဲ့ စနိုက်ပါလက်ချက်ကြောင့် ယော PDF တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့တယ်လို့  သိရပါတယ်။

မတ် ၂၂ ရက်နဲ့ ၂၃ ရက်မှာ စစ်ကောင်စီဘက်က အင်အား ၂၀၀ လောက်နဲ့ နှမ်းခါးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ PDF တပ်ဖွဲနဲ့ ခေတ္တ ထိတွေ့မှုဖြစ်ခဲ့ပြီးနောက် စစ်ကော်စီတပ်သားတွေဟာ နှမ်းခါး၊ ရဲလှ၊ ချောင်းကောက် နဲ့ သာစည်ရွာက လူနေအိမ် ၄၁ လုံး၊ ယာစောင့်တဲ ၂ လုံးနဲ့ ကား ၁ စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဂန့်ဂေါ PDF က ထုတ်ပြန်ထားပါတယ်။

မတ် ၂၄ ရက်မှာတော့ စစ်ကောင်စီတပ်ဟာ မွှေ့လယ်နဲ့ မိုးစိုရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ယော PDF ဘက်က ခုခံတိုက်ခိုက်ခဲ့ပေမဲ့ လက်နက်အင်အား မမျှတာကြောင့် နောက်ဆုံးပေးခဲ့ရပါတယ်။ တိုက်ပွဲအပြီး စစ်ကောင်စီတပ်က မိုးစိုရွာက လူနေအိမ်အလုံး ၉၀ နဲ့ မွှေ့လယ်ရွာ နေအိမ် ၆ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသလို မွှေ့လယ်ရွာခံတဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလော ဂန့်ဂေါနယ်မြောက်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်သားတွေ နဲ့ ပျူစောထီးတွေ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူနေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up