မန်ယူနိုက်တက်အသင်းဟာ အခုနှစ်ဇန်နဝါရီမှာ ကစားသမားသစ်တွေခေါ်ယူဖို့အတွက် နည်းပြ ရက်ဖ်ရင်းနစ်ခ်ကို အပြောင်းအရွှေ့ဘက်ဂျက် ချပေးသွားမယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလတုန်းက စီရော်နယ်ဒို အပါအဝင် ဂျေဒန်ဆန်ချိုနဲ့ ဗာရန်းတို့လို ထိပ်တန်းကစားသမား ၃ ဦးအတွက် ပေါင် ၁၂၆ သန်းအထိ အသုံးပြုခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိအသင်းလူစာရင်းမှာ အရည်အသွေးမြင့်ကစားသမားတွေ လိုအပ်နေသေးပြီး နည်းပြ ရင်းနစ်ခ်ဟာလည်း ရုန်းကန်နေရတာကြောင့် ဘတ်ဂျက်ချပေးဖို့ အသင်းပိုင်ရှင်တွေက ဆုံးဖြတ်ထားပါတယ်။
နည်းပြရင်းနစ်ခ်ဟာ သူ့ကစားကွက်မှာ အံဝင်မယ့်ကစားသမားတွေကို ချိတ်ဆက်နေပြီး လိုက်ဇစ်ကွင်းလယ်လူ အမာဒူဟိုင်ဒါရာက နံပါတ်တစ်ပစ်မှတ်လို့ဆိုပါတယ်။
တချိန်တည်းမှာပဲ အသင်းရှိ ကစားသမား ၁၁ ဦးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း ဆုံးဖြတ်ချက်ချမှတ်သွားရမယ်လို့ သိရပါတယ်။
မန်ယူနိုက်တက်အသင်းသားတွေနဲ့ တရက်ခွဲသာ လေ့ကျင့်ခဲ့ရပေမယ့် ခြေစွမ်းပြသနိုင်ခဲ့တဲ့အပေါ် နည်းပြသစ် ရက်ဖ်ရင်းနစ်ခ်က ချီးကျူးလိုက်ပါတယ်။
နည်းပြရင်းနစ်ခ်ဟာ ယူနိုက်တက်အသင်းကို ပထမဆုံးတာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ မနေ့ညက ခရစ္စတယ်ပဲလေ့အသင်းနဲ့ပွဲမှာ ပုံစံကောင်းပြသခဲ့ပြီး ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။
မန်ယူအသင်းဟာ အဲဒီပွဲစဉ်မှာ ပြိုင်ဘက်ဂိုးဧရိယာထဲကို ဘောလုံးပေးပို့မှုအများဆုံးဖြစ်ခဲ့ပြီး အချက်အလက်တွေအရ ဆာအဲလက်စ်ဖာဂူဆန်နောက်ပိုင်း အကောင်းဆုံး စွမ်းဆောင်ရည်ရခဲ့တာ ဖြစ်ပါတယ်။
“တရက်ခွဲလောက်ပဲ လေ့ကျင့်ပြီး ဒီလောက် ကစားနိုင်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ တနာရီလောက်ကို အံ့အားသင့်စရာကောင်းအောင် ကစားနိုင်ခဲ့တယ်။ တပွဲလုံးလည်း ထိန်းချုပ်ကစားနိုင်ခဲ့တယ်” လို့ ရင်းနစ်ခ်က ပြောပါတယ်။
အနိုင်ဂိုးသွင်းသွားတဲ့ ဖရက်ဒ်ကိုလည်း ချီးကျူးခဲ့ပြီး တွန်မီနေးနဲ့အတူ ကွင်းလယ်ကို ထိန်းချုပ်ကစားနိုင်ခဲ့သလို သွင်းဂိုးအတွက်လည်း ပျော်ရွှင်ရတယ်လို့ ရင်းနစ်ခ်က ချီးကျူးသွားခဲ့ ပါတယ်။