close

ရခိုင့်တပ်တော်

close

November 10, 2021

အေအေနှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်လာမှာကို မောင်တောဒေသခံများ စိုးရိမ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ  စစ်ကောင်စီတပ်တွေနဲ့  ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲတွေပြန်ဖြစ်ပွားခဲ့တဲ့အတွက်  နောက်ထပ်တိုက်ပွဲတွေ ဆက်ဖြစ်လာမှာကို   ဒေသခံပြည်သူတွေ စိုးရိမ်ပူပန်နေကြပါတယ်။

မောင်တောမြောက်ပိုင်း တမန်းသားကျေးရွာနဲ့ ရေနောက်ငါးသားကျေးရွာတို့နဲ့ ၆ မိုင်လောက်ဝေးတဲ့ တောင်တန်းမှာ နိုဝင်ဘာ  ၉ ရက် နေ့လယ်က အေအေတပ်တွေ အခြေစိုက်ထားတဲ့နေရာကို  စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့အတွက် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

တမန်းသားရွာသားတစ်ဦးက “ဒီနေ့ အခုလက်ရှိအချိန်အထိတော့ ဘာအသံမှမကြားရသေးဘူးဗျ။ ပြေလည်သွားကြပြီလား၊ ညှိနှိုင်းနေကြလားဆိုတာ ကျနော်တို့ ဒေသခံတွေ ဘာမှမသိသေးဘူး။ ပြန်ပြီးတိုက်ပွဲဖြစ်လာမှာကိုတော့ ရွာသူရွာသားတွေက စိုးရိမ်နေကြတယ်။ အခုအချိန်က စပါးရိတ်သိမ်းချိန် ဖြစ်နေတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ နေရာနဲ့ အနီးဆုံးဖြစ်တဲ့ တမန်းသား၊ ရေနောက်ငါးသား၊ သက်ကိုင်ညှာ၊ မင်္ဂလာညွန့်၊ နန်းရာကိုင်းစတဲ့ရွာတွေမှာနေထိုင်တဲ့  ရွာသူရွာသားတွေက တိုက်ပွဲဖြစ်ပွားမှာကို အထူးစိုးရိမ်နေကြတာဖြစ်ပါတယ်။

ဒေသခံ ရွာသားတစ်ဦးက "တိုက်ပွဲဆက်ဖြစ်လာရင် ပိုဒုက္ခရောက်ကြမှာပေါ့။ မေနေ့က ဖြစ်တာနဲ့တောင် တောတောင်တွေကို မသွားဝံ့ကြတောဘူး။ ကျနော်တို့ ကျေးရွာတွေက တောတောင်တွေကိုမှီခိုပြီး ဟင်းရှာငါးရှာ အမဲလိုက်ပြီး အသက်မွေးနေကြရတာပါ။" လို့ ပြောပါတယ်။

အခုအခါ ရက္ခိုင့်တပ်တော်ဘက်က  တပ်လှန့်ထားပြီး နှစ်ဘက် ညှိနိုင်းမှုတွေ ပြုလုပ်နေဆဲဖြစ်ကာ  ညှိနှိုင်းလို့ မရနိုင်ပါက မောင်တောမြောက်ပိုင်းမှာသာမက  ရခိုင်တပြည်နယ်လုံး  ဆက်လက်တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားရှိတယ်လို့ ရခိုင်အရေးလေ့လာသူ ဦးမောင်မောင်စိုးကသုံးသပ်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ အန်အယ်လ်ဒီ အစိုးရလက်ထက်က တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့ပေမဲ့  ၂၀၂၀ နိုဝင်ဘာ ၁၁ ရက်လောက်ကစပြီး တိုက်ပွဲတွေ ရပ်နားထားတာ တနှစ်ပြည့်ခါနီးအချိန် တိုက်ပွဲတွေ မနေ့က တကျော့ပြန်စဖြစ်လာတာပါ။

15 mins Ago

March 10, 2020

မင်းပြားတွင် တိုက်ပွဲပြင်းထန် ဖြစ်ပွားပြီး အရပ်သားများ ဒဏ်ရာရ၊ နေအိမ် ၁၀ လုံးမီးလောင်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ဖားပြိုကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့  တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီး အရပ်သားတချို့ ဒဏ်ရာရရှိခဲ့သလို နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ် ၉ ရက် ညနေ ၅ နာရီဝန်းကျင်လောက်က ဖားပြိုကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတပ်တွေ တိုက်ပွဲဖြစ်ပွားရာကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်လိုက်တာကြောင့် ကျေးရွာမှာ နေသူတချို့ ထိခိုက်ဒဏ်ရာရှိသလို နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တာပါ။ ဖားပြိုကျေးရွာ ကျောင်းထိုင်ဆရာတော်က “ရွာက ထိခိုက်ဒဏ်ရာရတာက လေးယောက် ရပါတယ်။ အဲဒီမှာ နှစ်ယောက်ကတော့ မင်းပြားဆေးရုံ ရောက်နေတယ်။ နှစ်ယောက်တော့ လမ်းမှာပဲ ရှိနေသေးတယ်။ အဲဒီလေးယောက်ထဲမှာ တယောက်က ညှပ်ရိုးကျိုးသွားတယ်။ အဲဒီဒကာတယောက်ဆိုရင် အခြေအနေ စိုးရိမ်ရတယ်။ တိုက်ပွဲ ဖြစ်နေတဲ့အချိန်မှာ လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ရွာမှာ နေအိမ် ၁၀ လုံး မီးလောင်သွားတယ်။” တိုက်ပွဲပြင်းထန်လို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူ အရေအတွက် ဒီထက်များနိုင်တယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ “လက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေက ၈ ဦးထက် မနည်းဘူးဗျ၊ ဒီထက်လည်း များနိုင်တယ်။ ဒဏ်ရာရတဲ့တချို့ကတော့ င/စိုင်းရိုင်းချောင်းတို့မှာ ဆေးကုသနေရတယ်။ တချို့ကျတော့ မင်းပြားဘက်ကို လာကြတယ်။ မနေ့က တိုက်ပွဲ တော်တော်ပြင်းထန်တယ်။ ဒီကနေ့ မနက်ပိုင်းတော့ တိုက်ပွဲမဖြစ်ဘူး။ ရန်ကုန်-စစ်တွေ လမ်းမကလည်း တိုက်ပွဲဖြစ်နေတော့ အသွားအလာ မရှိသလောက်ပါပဲ။ တိုက်ပွဲနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ရာမှာ မအားတာကြောင်း နောက်မှ ပြန်ပြီး ဖုန်းဆက်ပေးဖို့ ဖြေဆိုခဲ့ပြီး ရက္ခိုင့်တပ်တော်အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကိုတော့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
2 years Ago
Up