close

အေအေနှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်လာမှာကို မောင်တောဒေသခံများ စိုးရိမ်

တမန်းသားကျေးရွာရှိ နယ်ခြားစောင့်စခန်းအား တွေ့ရစဥ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ  စစ်ကောင်စီတပ်တွေနဲ့  ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲတွေပြန်ဖြစ်ပွားခဲ့တဲ့အတွက်  နောက်ထပ်တိုက်ပွဲတွေ ဆက်ဖြစ်လာမှာကို   ဒေသခံပြည်သူတွေ စိုးရိမ်ပူပန်နေကြပါတယ်။

မောင်တောမြောက်ပိုင်း တမန်းသားကျေးရွာနဲ့ ရေနောက်ငါးသားကျေးရွာတို့နဲ့ ၆ မိုင်လောက်ဝေးတဲ့ တောင်တန်းမှာ နိုဝင်ဘာ  ၉ ရက် နေ့လယ်က အေအေတပ်တွေ အခြေစိုက်ထားတဲ့နေရာကို  စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့အတွက် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

တမန်းသားရွာသားတစ်ဦးက “ဒီနေ့ အခုလက်ရှိအချိန်အထိတော့ ဘာအသံမှမကြားရသေးဘူးဗျ။ ပြေလည်သွားကြပြီလား၊ ညှိနှိုင်းနေကြလားဆိုတာ ကျနော်တို့ ဒေသခံတွေ ဘာမှမသိသေးဘူး။ ပြန်ပြီးတိုက်ပွဲဖြစ်လာမှာကိုတော့ ရွာသူရွာသားတွေက စိုးရိမ်နေကြတယ်။ အခုအချိန်က စပါးရိတ်သိမ်းချိန် ဖြစ်နေတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ နေရာနဲ့ အနီးဆုံးဖြစ်တဲ့ တမန်းသား၊ ရေနောက်ငါးသား၊ သက်ကိုင်ညှာ၊ မင်္ဂလာညွန့်၊ နန်းရာကိုင်းစတဲ့ရွာတွေမှာနေထိုင်တဲ့  ရွာသူရွာသားတွေက တိုက်ပွဲဖြစ်ပွားမှာကို အထူးစိုးရိမ်နေကြတာဖြစ်ပါတယ်။

ဒေသခံ ရွာသားတစ်ဦးက "တိုက်ပွဲဆက်ဖြစ်လာရင် ပိုဒုက္ခရောက်ကြမှာပေါ့။ မေနေ့က ဖြစ်တာနဲ့တောင် တောတောင်တွေကို မသွားဝံ့ကြတောဘူး။ ကျနော်တို့ ကျေးရွာတွေက တောတောင်တွေကိုမှီခိုပြီး ဟင်းရှာငါးရှာ အမဲလိုက်ပြီး အသက်မွေးနေကြရတာပါ။" လို့ ပြောပါတယ်။

အခုအခါ ရက္ခိုင့်တပ်တော်ဘက်က  တပ်လှန့်ထားပြီး နှစ်ဘက် ညှိနိုင်းမှုတွေ ပြုလုပ်နေဆဲဖြစ်ကာ  ညှိနှိုင်းလို့ မရနိုင်ပါက မောင်တောမြောက်ပိုင်းမှာသာမက  ရခိုင်တပြည်နယ်လုံး  ဆက်လက်တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားရှိတယ်လို့ ရခိုင်အရေးလေ့လာသူ ဦးမောင်မောင်စိုးကသုံးသပ်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ အန်အယ်လ်ဒီ အစိုးရလက်ထက်က တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့ပေမဲ့  ၂၀၂၀ နိုဝင်ဘာ ၁၁ ရက်လောက်ကစပြီး တိုက်ပွဲတွေ ရပ်နားထားတာ တနှစ်ပြည့်ခါနီးအချိန် တိုက်ပွဲတွေ မနေ့က တကျော့ပြန်စဖြစ်လာတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up