၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝေသာလီကွင်းမှာ ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေက တေးဂီတဖျော်ဖြေပွဲနဲ့အတူ ကျင်းပသွားပါတယ်။
စစ်တွေဒေသခံတဦးက “အခု ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စင်တင်တေးဂီတကတော့ တော်တော်လေး အဆင့်မြင့်တယ်ဗျ။ ပြည်မက ရှိုးပွဲတွေပုံစံမျိုး တည်ဆောက်ထားတယ်။ ရှိုးပွဲကြီးတခုပါပဲ၊ အရင်က ရခိုင်မှာ ဒီလိုပုံစံရှိုးပွဲ မရှိခဲ့ဘူး။”လို့ပြောပါတယ်။
တေးဂီတဖျော်ဖြေပွဲမှာ ရခိုင်နာမည်ကြီး တေးသံရှင်တွေဖြစ်ကြတဲ့ ဦးမောင်သိန်း၊ မြတ်ခိုင်ကျော်၊ ညှာစိမ်းခိုင်၊ ရီလှိုင်းပြာ၊ စစ်ငြိမ်းနိုင်၊ စောနှင်းနွယ် စတဲ့ နာမည်ကြီး အဆိုတော်တွေအပြင် တက်သစ်စ အဆိုတော်တွေဖြစ်ကြတဲ့ ဂျူးထက်ထက်အောင်၊ တနင်္ဂနွေ၊ စောနန်းနွယ် စတဲ့အဆိုတော်တွေက ဖျော်ဖြေခဲ့ပြီး အထူးစည်ကားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တွေ နယ်ဘက်မှ လာရောက်ကြည်ရှုတဲ့ လူငယ်ပရိသတ်တဦးက “အခုလို စတိတ်ရှိုးပွဲတွေက ရခိုင်မှာ မရှိသလောက်ပါ။ ဇာတ်သဘင်လောက်သာ ကြည့်ရတာလေ။ အခုလို အဆင့်မြင့်ပွဲတွေကို ကြည်ရတော့ ဘာပဲဆိုဆို ပျော်ရွှင်ရတာပေါ့” လို့ ပြောပါတယ်။
ပြီခဲ့တဲ့ ၂၀၂၀ ခုနှစ်က ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကိုဗစ်ရောဂါကြောင့် အကျဉ်းသာ ကျင်းပနိုင်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် ၄၇ နှစ်မြောက်မှာတော့ ရခိုင်ပြည်အတွင်း နေရာတချို့မှာ စစ်ကောင်စီက ကျင်းပခဲ့ပါတယ်။
အခုနှစ် ၂၀၂၂ ခုနှစ် ၄၈ နှစ်မြောက်မှာတော့ ရခိုင်ဒေသ ကုန်စည်ပြပွဲတွေအပြင် ရခိုင်တေးသံရှင် အများစုပါဝင်တဲ့ စင်တင်တေးဂီတဖျော်ဖြေမှုတွေကို စစ်တွေမြို့အပြင် တခြားဒေသက ပြည်သူထောင်ချီ လာရောက်အားပေးကြတာတယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။
၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စစ်ကောင်စီက ထင်ရှားကျော်ကြားတဲ့ ရခိုင် အဆိုတော် ၆ ဦးအပါဝင် အဆိုတော်ပေါင်းများစွာနဲ့ စတိတ်ရှို့ပွဲ ကျင်းပဖို့ စီစဉ်နေတဲ့အပေါ် ဒေသခံတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေကြပါတယ်။
ရခိုင်ပြည်နယ်နေ့ပွဲကို ရခိုင်ပြည်နယ်က နာမည်ကြီးအဆိုတော်တွေနဲ့ စင်တင်စတိတ်ရှိုးအပါဝင် အားကစားပြိုင်ပွဲတွေနဲ့ ကျင်းပမယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ကြေညာထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့အကြား ၄ လကျော်ကြာ ဖြစ်ပွားခဲ့တဲ့ တကျော့ပြန်တိုက်ပွဲရပ်စဲထားတာ ရက်ပိုင်းသာရှိသေးတဲ့အပြင် ပြည်သူတွေ စစ်ဒဏ်ရာတွေ မပြေပျောက်နိုင်သေးတဲ့အချိန်မှာ စစ်ကောင်စီကကျင်းပမယ့် စတိတ်ရှိုးပွဲမှာ သွားရောက်ဖြေဖျော်တာက ရခိုင်ပြည်သူတွေကို စော်ကားရာရောက်တယ်လို့ ဒေသခံ လူ့အခွင့်အရေးဆောင်ရွက်နေသူ တစ်ဦးကပြောပါတယ်။
"စစ်ကောင်စီ ကျင်းပမယ့် ရခိုင်ပြည်နယ်နေ့ပွဲမှာ ရခိုင်က နာမည်ကြီး အဆိုတော်တွေ ပါမယ်ကြားတော့အံသြသွားတာပေါ့။ တိုက်ပွဲရပ်တာ တလမပြည့်သေးဘူး။ အသက်သေကျေသွား သူတွေရဲ့သွေးတွေမခြောက်သေးဘူး။ စစ်ဘေးရှောင်တွေ နေရပ်မပြန်ကြရသေးဘူး။ ဒီလိုအချိန်မှာ စစ်ကောင်စီက ပေးတဲ့ငွေနည်းနည်းလေးကိုမက်ပြီး စစ်ကောင်စီ အလိုကျ သီချင်းဆိုကြမယ်ဆိုရင်လည်းသူတို့ရဲ့ သမိုင်းပဲ။ ဒီလိုပြည်သူတွေကို ရက်ရက်စက်စက်သတ်ထားတဲ့ သူတွေနဲ့ အတူပေါင်းပြီး ပွဲမှာသွားရောက်ဖြေဖျော်တယ်ဆိုတာက ရခိုင်ပြည်သူတွေကို တမင်တကာစော်ကားလိုက်တာ" လို့ ပြောပါတယ်။
စစ်ကောင်စီက ကျင်းပမယ့် ၄၈ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စင်တင်စတိတ်ရှိုးမှာ ရခိုင်အဆိုတော်ကြီးတွေဖြစ်ကြတဲ့ ဦးမောင်သိန်း၊ မြတ်ခိုင်ကျော်၊ ညှာစိမ်းခိုင်၊ ရီလှိုင်းပြာ၊ စစ်ငြိမ်းနိုင်၊ စောနှင်းနွယ်နဲ့ အဆိုတော်များစွာက ပါဝင်ဖျော်ဖြေသွားမယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီအနေနဲ့ ပြည်နယ်အတွင်းက စစ်ဘေးရှောင်းတွေကို ကူညီထောက်ပံ့မှုတွေ တစ်ခုမှ မလုပ်ဘဲ ပွဲလမ်းသဘင်အတွက် ငွေကြေးမြောက်မြားစွာသုံးနေတာက ပြည်သူကို ကိုယ်စားမပြုတာဖြစ်တယ်လို့ လူမှုကူညီရေး ဆောင်ရွက်နေသူတစ်ဦးကပြောပါတာ်။
" ရခိုင်ပြည်နယ် စစ်ကောင်စီက ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်တွေ သိန်းနီးပါးရှိနေသေးတယ်။ အဲဒီ စစ်ရှောင်တွေအတွက်တွေ ဘာထောက်ပံ့မှုမှလုပ်တာမရှိဘူး။ အခု ပွဲချဖို့အတွက် ငွေကြေးများစွာသုံးတော့ ဒါက ပြည်သူအတွက်ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်မဟုတ်ဘူးဆိုတာ ထင်ရှားစေတယ်။ အခု ဝင်ရောက်ဆိုမယ် အဆိုတော်တွေကလည်း ပြည်သူတွေဒုက္ခရောက်ချိန်မှာ ဘာအသံမှမထွက်ကြဘူး။ စစ်ကောင်စီက ပွဲလုပ်မယ်ဆိုတော့ သီချင်းဆိုကြမယ်ဆိုရင်လည်း သူတို့ရဲ့လုပ်ရပ်က သူတို့သမိုင်းပေါ့ဗျာ" လို့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ မိုင်းဒဏ်ကြောင့် အရပ်သား သေဆုံးသူ ၅၀ နီးပါးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၂၀ နီးပါးအထိရှိခဲ့ပါတယ်။
လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်မှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ ၉၀,၀၀၀ ကျော်ရှိနေသေးတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုရုံး UNOCHA က ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဓာတ်ပုံ- သိကြားစေချင်ငွေသဇင်