close

စစ်တွေတွင် ရခိုင်ပြည်နယ်နေ့ တေးဂီတဖျော်ဖြေပွဲကျင်းပ

၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို  ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝေသာလီကွင်းမှာ ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေက တေးဂီတဖျော်ဖြေပွဲနဲ့အတူ ကျင်းပသွားပါတယ်။

စစ်တွေဒေသခံတဦးက “အခု ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စင်တင်တေးဂီတကတော့ တော်တော်လေး အဆင့်မြင့်တယ်ဗျ။ ပြည်မက ရှိုးပွဲတွေပုံစံမျိုး တည်ဆောက်ထားတယ်။ ရှိုးပွဲကြီးတခုပါပဲ၊ အရင်က ရခိုင်မှာ ဒီလိုပုံစံရှိုးပွဲ မရှိခဲ့ဘူး။”လို့ပြောပါတယ်။

တေးဂီတဖျော်ဖြေပွဲမှာ ရခိုင်နာမည်ကြီး တေးသံရှင်တွေဖြစ်ကြတဲ့ ဦးမောင်သိန်း၊ မြတ်ခိုင်ကျော်၊ ညှာစိမ်းခိုင်၊ ရီလှိုင်းပြာ၊ စစ်ငြိမ်းနိုင်၊ စောနှင်းနွယ် စတဲ့ နာမည်ကြီး အဆိုတော်တွေအပြင် တက်သစ်စ အဆိုတော်တွေဖြစ်ကြတဲ့ ဂျူးထက်ထက်အောင်၊ တနင်္ဂနွေ၊ စောနန်းနွယ် စတဲ့အဆိုတော်တွေက ဖျော်ဖြေခဲ့ပြီး အထူးစည်ကားခဲ့တယ်လို့ ဒေသခံတွေဆီက သိရ​ပါတယ်။

စစ်တွေ နယ်ဘက်မှ လာရောက်ကြည်ရှုတဲ့ လူငယ်ပရိသတ်တဦးက “အခုလို စတိတ်ရှိုးပွဲတွေက ရခိုင်မှာ မရှိသလောက်ပါ။ ဇာတ်သဘင်လောက်သာ ကြည့်ရတာလေ။ အခုလို အဆင့်မြင့်ပွဲတွေကို ကြည်ရတော့ ဘာပဲဆိုဆို ပျော်ရွှင်ရတာပေါ့” လို့ ပြောပါတယ်။

ပြီခဲ့တဲ့ ၂၀၂၀ ခုနှစ်က ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကိုဗစ်ရောဂါကြောင့် အကျဉ်းသာ ကျင်းပနိုင်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် ၄၇ နှစ်မြောက်မှာတော့ ရခိုင်ပြည်အတွင်း နေရာတချို့မှာ စစ်ကောင်စီက ကျင်းပခဲ့ပါတယ်။

အခုနှစ် ၂၀၂၂ ခုနှစ် ၄၈ နှစ်မြောက်မှာတော့ ရခိုင်ဒေသ ကုန်စည်ပြပွဲတွေအပြင် ရခိုင်တေးသံရှင် အများစုပါဝင်တဲ့ စင်တင်တေးဂီတဖျော်ဖြေမှုတွေကို စစ်တွေမြို့အပြင် တခြားဒေသက ပြည်သူထောင်ချီ လာရောက်အားပေးကြတာတယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up