close

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်

close

April 6, 2022

ရခိုင်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီး ဦးမင်းအောင်တို့ကို ထောင်ဒဏ် ၄ လစီ ထပ်ချ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ကို ဧပြီ ၆ ရက် ဒီနေ့ရုံးချိန်းမှာ စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ် ၄ လစီ ထပ်မံ အမိန့်ချမှတ်လိုက်ပါတယ်။

ဦးညီပုနဲ့ ဦးမင်းအောင်တို့ ၂ ဦးကို မဲမသမာမှုပုဒ်မ ၁၃ဝ(က)၊ မဲမသမာမှုကို အားပေးကူညီမှု ပုဒ်မ ၁ဝ၉ တို့နဲ့ စစ်တွေအကျဉ်းထောင် အထူးတရားရုံးမှာ ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့ ရုံးချိန်းက စွဲချက်တင်ခဲ့ပြီး ဒီနေ့ရက်ရုံးချိန်းမှာ စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ် ၄ လစီ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးညီပုနဲ့ နီးစပ်သူ မိတ်ဆွေတဦးက “ငွေငါးသောင်း ဒဏ်ငွေမဆောင်တာကြောင့် ထောင်ဒဏ်လေးလ ချတယ်လို့ သိရတယ်။ ငွေငါးသောင်းက ဘယ်သူမဆို ဆောင်နိုင်တာပေါ့။ ဒါပေမဲ့ မတရားတဲ့အမှုကို မတရားကြောင်း ပြည်သူတွေသိအောင်လို့ လုပ်ဆောင်လိုက်တာပါ" လို့ ပြောပါတယ်။

ဝန်ကြီးချုပ် ဦးညီပုကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှု စွပ်စွဲချက် ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) နဲ့ တရားစွဲဆိုထားသလို စည်ပင်ဝန်ကြီး တာဝန်ယူခဲ့တဲ့ ဦးမင်းအောင်ကိုလည်း အားပေးကူညီတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) အပြင် ရာဇသတ်ကြီးပုဒ်မ ၁၀၉ နဲ့ပါ စစ်ကောင်စီခန့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဒု-ညွန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီး စစ်တွေမြို့နယ် တရားရုံးမှာ စွဲဆိုထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးညီပုကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အပါအဝင် တခြား စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပြီး စည်ပင်ဝန်ကြီး ဦးမင်းအောင်ကိုလည်း ထောင်ဒဏ် ၇ နှစ် ချမှတ်ထားပါတယ်။

1 hour Ago

March 14, 2022

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပေါ်တရားစွဲထားသည့် ရွေးကောက်ပွဲအမှု စတင်စစ်ဆေး

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ကို  မတ်လ ၁၄ ရက် ဒီကနေ့ စစ်တွေအကျဉ်းထောင် အထူးတရားရုံးမှာ စတင်ပြီး ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာတော့ ဦးညီပုနဲ့ ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲအမှုအတွက် စတင်စစ်ဆေးခဲ့တာဖြစ်ပြီးတော့ လာမယ့်ရုံးချိန်းကို မတ်လ ၂၂ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ကာ တရားခံပြသက်သေတွေကို ဆက်လက်စစ်ဆေးမယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် ဦးညီပုကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့ တရားစွဲဆိုထားသလို ဝန်ကြီးဦးမင်းအောင်ကိုလည်း အားပေးကူညီတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)အပြင် ရာဇသတ်ကြီးပုဒ်မ ၁၀၉ နဲ့ပါ စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဒု-ညွန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီး စစ်တွေမြိုနယ်တရားရုံးမှာ စွဲဆိုထားတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးညီပုဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသလို အဂတိမှု ၃  မှုအတွက် အလုပ်နဲ့ ထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရသူပါ။

ဝန်ကြီး ဦးမင်းအောင်ကလည်း  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အလုပ်နဲ့ထောင်ဒဏ် ၉ နှစ်ချမှတ်ခံထားရပါတယ်။ 

3 weeks Ago
Up