close

ရခိုင်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီး ဦးမင်းအောင်တို့ကို ထောင်ဒဏ် ၄ လစီ ထပ်ချ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ကို ဧပြီ ၆ ရက် ဒီနေ့ရုံးချိန်းမှာ စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ် ၄ လစီ ထပ်မံ အမိန့်ချမှတ်လိုက်ပါတယ်။

ဦးညီပုနဲ့ ဦးမင်းအောင်တို့ ၂ ဦးကို မဲမသမာမှုပုဒ်မ ၁၃ဝ(က)၊ မဲမသမာမှုကို အားပေးကူညီမှု ပုဒ်မ ၁ဝ၉ တို့နဲ့ စစ်တွေအကျဉ်းထောင် အထူးတရားရုံးမှာ ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့ ရုံးချိန်းက စွဲချက်တင်ခဲ့ပြီး ဒီနေ့ရက်ရုံးချိန်းမှာ စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ် ၄ လစီ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးညီပုနဲ့ နီးစပ်သူ မိတ်ဆွေတဦးက “ငွေငါးသောင်း ဒဏ်ငွေမဆောင်တာကြောင့် ထောင်ဒဏ်လေးလ ချတယ်လို့ သိရတယ်။ ငွေငါးသောင်းက ဘယ်သူမဆို ဆောင်နိုင်တာပေါ့။ ဒါပေမဲ့ မတရားတဲ့အမှုကို မတရားကြောင်း ပြည်သူတွေသိအောင်လို့ လုပ်ဆောင်လိုက်တာပါ" လို့ ပြောပါတယ်။

ဝန်ကြီးချုပ် ဦးညီပုကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှု စွပ်စွဲချက် ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) နဲ့ တရားစွဲဆိုထားသလို စည်ပင်ဝန်ကြီး တာဝန်ယူခဲ့တဲ့ ဦးမင်းအောင်ကိုလည်း အားပေးကူညီတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) အပြင် ရာဇသတ်ကြီးပုဒ်မ ၁၀၉ နဲ့ပါ စစ်ကောင်စီခန့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဒု-ညွန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီး စစ်တွေမြို့နယ် တရားရုံးမှာ စွဲဆိုထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးညီပုကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အပါအဝင် တခြား စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပြီး စည်ပင်ဝန်ကြီး ဦးမင်းအောင်ကိုလည်း ထောင်ဒဏ် ၇ နှစ် ချမှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up