ရခိုင်အမျိုးသားပါတီကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (ယူအီးစီ)က ခေါ်ယူသတိပေးခဲ့တယ်လို့ ပါတီတာဝန်ရှိသူတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုတွေ၊ ကုန်းလမ်း ရေလမ်း ပိတ်ပင်ထားမှုတွေနဲ့ NGO၊ INGO တွေကို ကူညီထောက်ပံ့မှုတွေ ပိတ်ပင်ထားမှုနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက စက်တင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ပါတီတာဝန်ရှိသူတွေကို ယူအီးစီက ခေါ်ယူသတိပေးခဲ့တာလို့ ဆိုပါတယ်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက “ကျနော်တို့ပါတီ သဘောထားထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အောက်တိုဘာ ၁၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ယူအီးစီဘက်က ကျနော်တို့ ပါတီကထုတ်ပြန်တဲ့ သဘောထားထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာပါတဲ့ ပုဒ်မတချို့မှာပါတဲ့ ပြဋ္ဌာန်းချက်တွေကို စောင့်ထိန်းလိုက်နာမှု အားနည်း ပျက်ကွက်တယ်ဆိုပြီး စိစစ်တွေ့ရတယ်လို့ ပြောတယ်။ အဲဒီအပေါ်မှာ ဒီသဘောထားထုတ်ပြန်ချက်ဟာ တဖက်သတ်ဆန်တယ်၊ မျှတမှုမရှိဘူးဆိုပြီး ယူအီးစီဘက်က ကျနော်တို့ကို ပြောဆိုတာတွေရှိတယ်။ ကျနော်တို့လည်း ဒီသဘောထားထုတ်ပြန်ချက်ဟာ အခု ရခိုင်ပြည်နယ်မှာ တကျော့ပြန်ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ပြည်သူတွေ ထိခိုက်နစ်နာခံစားနေရမှုအပေါ် ကျနော်တို့က နိုင်ငံရေးပါတီတွေ ဖြစ်တာကြောင့် ပြည်သူအကျိုးအတွက် အလုပ်လုပ်ဖို့ တာဝန်ရှိတယ် ယုံကြည်တာကြောင့် ပြည်သူတွေအတွက် ဒီသဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့တာလို့ ပြန်ရှင်းပြခဲ့တယ်။ အဓိက ယူအီးစီကတော့ ကျနော်တို့ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာပါတဲ့ ပုဒ်မတချို့ကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုပြီး အသိပေးတယ်။ သတိပေးတယ်လို့ ပြောလို့ရတယ်”လို့ ပြောပါတယ်။
အခုလို သတိပေးမှုတွေရှိနေရင်လည်း ပြည်သူအတွက် လိုအပ်တဲ့အချိန်မှာ လုပ်လို့ရတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဦးသာထွန်းလှက ဆက်ပြောပါတယ်။
“ကျနော်တို့ကတော့ ပြည်သူတွေအတွက် လိုအပ်တဲ့အချိန်မှာ ကျနော်တို့ လုပ်လို့ရတဲ့ နည်းလမ်းတွေနဲ့ အကုန်လုပ်ဆောင်သွားမှာ ဖြစ်တယ်။ သဘောထားထုတ်ပြန်ချက်တွေကိုလည်း နောက်ထပ် လိုအပ်ရင် ထုတ်ပြန်သွားဖို့ရှိတယ်”လို့ ပြောပါတယ်။
ရခိုင်အမျိုးသားပါတီရဲ့ ထုတ်ပြန်ချက်တွေထဲမှာ ရပ်ကွက် ကျေးရွာတွေကို အကာအကွယ်ယူပြီး တိုက်ပွဲဖော်ဆောင်ခြင်း မပြုလုပ်ဖို့၊ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုနဲ့ အိမ်တွေပျက််စီးဆုံးရှုံးမှုတို့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်တာ၊ လူသားချင်း စာနာမှုအကူအညီပေးနေတဲ့ NGO၊INGO တွေကို ပိတ်ပင်ထားမှု ပြန်လည်ဖွင့်ပေးဖို့နဲ့ စစ်ပွဲဧရိယာနဲ့ စစ်ပွဲနဲ့မပတ်သက်တဲ့ နေရာတွေကို ကုန်လမ်း၊ရေလမ်း ပိတ်ဆို့ထားမှုဟာ ဒေသခံ ပြည်သူတွေရဲ့ အသက်ရှင်နေထိုင်ရေးကို ခြိမ်းခြောက်တာဖြစ်တယ်ဆိုပြီး အချက် ၄ ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်ဟာ စစ်ကောင်စီရဲ့ နိုင်ငံတော်ကောင်စီအဖွဲ့ဝင်ရာထူးကို လက်ခံထားသလို နောက်ထပ် ပါတီဗဟိုကော်မတီတစ်ဦးဖြစ်တဲ့ ဦးဇော်အေးမောင်ဟာလည်း စစ်ကောင်စီခန့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုဝန်ကြီးရာထူးကို ယူထားတာကြောင့် ဝေဖန်ခံနေရပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေသလို နိုင်ငံရေးနဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူတွေကိုလည်း လိုက်လံဖမ်းဆီးနေကြပါတယ်။
ရခိုင်ပြည်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ နှစ်ဘက်တပ်တွေအနေနဲ့ ရပ်ကွက်ကျေးရွာတွေ ကို အကာအကွယ်ယူပြီး တိုက်ပွဲမဖော်ဖို့အပါအဝင် အချက် ၄ ချက်ကို ရခိုင်အမျိုးသားပါတီက စက်တင်ဘာ ၂၉ ရက်မှာ ကြေညာချက်ထုတ်ပြန် အသိပေးလိုက်ပါတယ်။
ထုတ်ပြန်ချက်မှာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့နေရာတွေအပါဝင် ကုန်းလမ်း၊ရေလမ်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားတာဟာ ဒေသခံလူမျိုးပေါင်းစုံရဲ့ အသက်ရှင်နေထိုင်ရေးကို ခြိမ်းခြောက်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးပြီး လူနေအိမ်တွေ ပျက်စီးခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ထားပါတယ်။
နောက်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါး သယ်ယူရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူညီပေး နေတဲ့ INGO, NGOနဲ့ CSO အဖွဲ့တွေကို ပိတ်ပင်ထားတာတွေ ပြန်ဖွင့်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
မြန်မာစစ်တပ်နဲ့ ရက္ခိုင်တပ်တော်တို့ဟာ ၂ နှစ်လောက်ကြာအောင် အပစ်ခတ်ရပ်ထားရကနေ အခုနှစ် သြဂုတ် ၁၃ ရက်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီး အရပ်သားတွေ ထိခိုက်သေဆုံးကာ စစ်ဘေးရှောင်ပြည်သူ အရေအတွက်ဟာလည်း သောင်းနဲ့ချီတိုးလာတယ်လို့ ဆိုပါတယ်။