ရန်ကုန်မြို့လယ် မြို့တော်ခန်းမနဲ့ မဟာဗန္ဓုလပန်းခြံရှေ့မှာ အာဏာသိမ်းပြီးကတည်းက လုံခြုံရေးယူထားတဲ့ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့တွေ ဇူလိုင်နောက်ဆုံးပတ်က ရုပ်သိမ်းသွားပြီလို့ မြို့ခံတွေက ပြောပါတယ်။
လုံခြုံရေးအဖွဲ့တွေဟာ ဘန်ကာတွေနဲ့ အတားအဆီးတွေ ဆောက်ပြီး တပ်စွဲထားခဲ့သလို မြို့တော်ခန်းမထဲမှာလည်း ဘန်ကာတွေ တည်ဆောက်ပြီး လအတန်ကြာ တပ်စွဲခဲ့ကာ ပြည်သူတွေကိုလည်း ဖြတ်သန်းသွားလာခွင့် မပြုခဲ့ကြပါဘူး။
စစ်ကောင်စီတပ်တွေ ဘာကြောင့် ရုပ်သိမ်းသွားတာဆိုတာမသိရပေမဲ့ ရန်ကုန်ကုန်မြို့ရဲ့ အချက်အခြာကျတဲ့နေရာတွေနဲ့ လမ်းဆုံ၊လမ်းခွတွေမှာ အင်အားခွဲဝေချထားဖို့အတွက် ရုပ်သိမ်းလိုက်တာဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်ကြပါတယ်။
လတ်တလောမှာ မြို့တော်ခန်းမနဲ့ မဟာဗန္ဓုလပန်းခြံရှေ့မှာ တပ်စွဲထားတဲ့ လုံခြုံရေးအဖွဲ့တွေ မရှိတော့ပေမဲ့ အတားအဆီးအကာအရံတွေကိုတော့ မဖယ်ရှားသေးသလို ပြည်သူတွေကိုလည်း ဖြတ်သန်းခွင့် မပြုသေးပါဘူး။
မြို့တော်ခန်းမထဲမှာတော့ ရဲတွေက လုံခြုံရေးယူထားဆဲဖြစ်ပြီး ပြီးခဲ့တဲ့လအတန်အကြာက စစ်ကောင်စီတပ်တွေက တင်းတင်းကျပ်ကျပ် လုံခြုံရေးယူခဲ့ပေမယ့် အဲဒီဝန်းကျင်တဝိုက် ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေးအဖွဲ့တွေကတော့ ဗုံးခွဲတာတွေ မကြာခဏ လုပ်ခဲ့ ကြပါတယ်။
အခုနှစ်အတွက် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကို အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေပြီး ရန်ကုန်မြို့ရဲ့ တစ်ခုတည်းသော မဏ္ဍပ်ကို ရန်ကုန်မြို့တော်ခမ်းရှေ့မှာ တည်ဆောက်နေပါတယ်။
ဒီနှစ်မှာ ရန်ကုန်သင်္ကြန်အတွက် စစ်ကောင်စီက လက်ရှိတည်ဆောက်နေတဲ့ မြို့တော်ခမ်းမရှေ့ကမဏ္ဍပ် တခုတည်းသာရှိပြီးတော့ ခါတိုင်းစည်ကားနေကျနေရာတွေဖြစ်နဲ့ ပြည်လမ်း၊ အင်းလျား၊ လသာလမ်း၊ လမ်းမတော်၊ တရုတ်တန်း၊ ကန်တော်ကြီးပတ်လမ်း၊ ၁၉ လမ်းတို့နဲ့ ကြည့်မြင်တိုင်ကမ်းနားလမ်းတို့မှာ မဏ္ဍပ်တွေ တည်ဆောက်ထားတာ မရှိသေးပါဘူး။
စစ်ကောင်စီကတော့ သူတို့တည်ဆောက်ထားတဲ့ မဏ္ဍပ်မှာပဲ ယိမ်းအကပြိုင်ပွဲတွေပြုလုပ်ဖို့ လျှောက်လွှာခေါ်ယူထားပေမယ့် စီးပွားဖြစ်မဏ္ဍပ်တွေနဲ့ မိသားစုမဏ္ဍတွေ တည်ဆောက်ဖို့အတွက် လျှောက်လွှာခေါ်ယူထားခြင်းမရှိပါဘူး။