ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့ ဒုမြို့တော်ဝန် ဦးစိုးလွင် အပါအဝင် ၆ ဦးကို အဂတိမှုနဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ စစ်ကောင်စီပြန်ကြားရေးက မေ ၂၆ ရက် မှာ သတင်းထုတ်ပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းနဲ့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့လည်းကောင်း ဒုမြို့တော်ဝန် ဦးစိုးလွင်၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူး ဦးသန်းနဲ့ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင် တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း ကျောက်တံတားမြို့မရဲစခန်းမှာ ဒီနေ့ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်လိုက်တာလို့ ဆိုပါတယ်။
အဆိုပါပုဂ္ဂိုလ်တွေကို ကျောက်မီးသွေးထုတ်လုပ်မှုလုပ်ငန်းနဲ့ ပတ်သက်တဲ့ကိစ္စ၊ ဒဂုံမြို့သစ် မြို့နယ်မှာ စက်သုံးဆီအရောင်းဆိုင်တွေ ဖွင့်လှစ်ခဲ့တဲ့ကိစ္စ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ပန်းဥယျာဉ်များရှိ လုပ်ငန်း ၂၁ ခုကို ကုမ္ပဏီများသို့ ငှားရမ်းစာချုပ်ချုပ်တဲ့ကိစ္စနဲ့ မြို့တော်အသံလွှင့်လုပ်ငန်း (City FM) ဝန်ထမ်းလစာကိစ္စတွေနဲ့ ပတ်သက်လို့ စွပ်စွဲပြီး အရေးယူခဲ့တာပါ။
အရေးယူခံရသူတွေဘက်ကတော့ စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေကို ပြန်လည်ချေပပြောဆိုနိုင်တဲ့ အခွင့်အရေး မရရှိသေးပါဘူး။
ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့ရှိ မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်နားမှာ ဧပြီ ၈ ရက် ဒီကနေ့ ညနေပိုင်း ရုံးဆင်းချိန်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်။
ဆူးလေမြို့တော်ခန်းမရှေ့မှာ စစ်ကောင်စီက တည်ဆောက်နေတဲ့ မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်နားမှာ ညနေ ၄ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တာလို့ အခင်းဖြစ်ရာနဲ့ မလှမ်းမကမ်းကို ရောက်ခဲ့တဲ့ ယာဥ်မောင်းတဦးက ပြောပါတယ်။
ယာဥ်မောင်းသူတဦးက "ဗုံးပေါက်တာက အသံကတော့ ကျယ်တယ်။ ဟိုကောင်တွေဘာဖြစ်သွားတယ်ဆိုတာတော့မသိဘူး။ သေချာမမြင်ရဘူး အသံကြားတာနဲ့ တခြားဘက် မောင်းထွက်ခဲ့ရတာ။ အဖမ်းခံရမှာစိုးလို့ တခြားသူတွေလည်းအဲ့နား ရှောင်မောင်းနေရတယ်''လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာဟာ စစ်ကောင်စီတပ်တွေရဲ့ ကားတွေထားတဲ့ ဘန်ကာနားမှာဖြစ်ပြီး လူတွေထိခိုက် ဒဏ်ရာရတဲ့ သတင်းတော့ မကြားသိရသေးပါဘူး။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီ တပ်သားတွေက ခရီးသွားလာတဲ့ပြည်သူတွေ လမ်းပိတ်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဗုံးဖောက်ခွဲမှုကို Dark shadow (YGN) မြို့ပြပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ မီဒီယာတချို့ကို ထုတ်ဖော်ပြောကြားထားပါတယ်။