တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလမြို့နယ်မှာရှိတဲ့ ကမ္ဘာ့ရတနာဘဏ်ခွဲတခု ရပ်နားလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နယ်မြေမအေးချမ်းတာကြောင့် ဇန်နဝါရီ ၁၃ ရက်က စတင်ရပ်နားလိုက်တာလို့ ဒေသခံတဦးက ပြောပါတယ်။
"မနေ့ကပဲ ဘဏ်ကိုပိတ်လိုက်တာပါ။ နယ်မြေမအေးချမ်းလို့ ပိတ်လိုက်တာပါလို့ ပြောတယ်။ ဝန်ထမ်းတွေကိုတော့ တခြားဘဏ်ခွဲကို ပို့မယ်လို့ သိရတယ်။ ဘယ်ချိန်ပြန်ဖွင့်မလဲ မသိရသေးဘူးတဲ့၊ ပလမြို့မှာလည်း ဒီဘဏ်တခုပဲ ရှိတာပါ။"
ပလမြို့နယ်မှာ အခုလို ဘဏ်ခွဲ ရပ်နားလိုက်တာကြောင့် ငွေလွှဲငွေထုတ်နေကြတဲ့ ပြည်သူတွေ ခက်ခဲနစ်နာမှုတွေ ရှိလာနိင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"အခက်အခဲတွေတော့ရှိတယ်။ တချို့ငွေလွှဲငွေထုတ်သူတွေဆို အရမ်းပင်ပန်းကြမှာပဲ။ ခုဆို ပလမှာ ဘဏ်ပိတ်လိုက်တော့ ပုလောမြို့မှာ သွားထုတ်ဖို့ကလည်း အရင်လို လမ်းကြောင်းမအေးတော့ ပင်ပန်းတယ်ပေါ့နော်။ Kpay တို့ wave pay ကနေ ငွေထုတ်ယူပေးနေတဲ့ လူ တွေကလည်း ဘဏ်ကနေချိတ်ထားတာ များတယ်လေ၊ သူတို့လည်းခက်ခဲကြပြီပေါ့။"
ပလမြို့နယ်မှာ ငွေလွှဲငွေထုတ်ဘဏ်ခွဲတခုသာရှိပြီးတော့ အခုလို ကမ္ဘာ့ရတနာဘဏ်ခွဲကို ရပ်နားလိုက်တာကြောင့် ပြည်သူတွေ ထိခိုက်နစ်နာနေကြပြီး မကြာခင် ပုလောမြို့က ဘဏ်ခွဲတခုကိုလည်း ထပ်ပြီးတော့ ရပ်နားတော့မယ်လို့ သိရကြောင်း ဒေသခံက ဆိုပါတယ်။
ပလမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုအချိန်ဟာ ပွင့်လင်းရာသီဖြစ်ပေမဲ့ ကုန်စည်ပို့ဆောင်ရေး ကုန်ရရှိမှုနည်းနေတာကြောင့် ကုန် ကားတချို့ ရပ်နားထားရတယ်လို့ အဆိုပါလုပ်ငန်း အသိုင်းအ၀ိုင်းကနေ သိရပါတယ်။
ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ကုန်ရရှိဖို့ အခက်အခဲအပြင် လမ်းခရီး အချိန်ကြန့်ကြာမှုတွေကြောင့် ကုန်စည်စီးဆင်းမှုမှာလည်း လွယ်ကူချော့မွေ့မှုမရှိဘူးလို့ ဆိုကြပါ တယ်။
“ကုန်ရရှိမှုကနည်းတယ်။ ကုန်ရဖို့အတွက်ကို ကျနော်တို့ ယာဥ်ပိုင်းတွေအတော် အလုပ်လုပ်ရတယ်။ တစ်နေရာကနေ တစ်နေရာသွားတဲ့ အခါမှာလည်း အချိန်တွေအရမ်း ကြန့်ကြာတယ်။ လမ်းကြေး၊ စက်သုံးဆီစျေးတွေ တက်တယ်၊ ကားနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေကလည်း တက်တယ်ဆိုတော့ တွက်ခြေမကိုက်ကြတော့ဘူး။ အဲတော့တချို့လည်း ရပ်ထားရတယ်။ ကား ၅ စီး ရှိရင်၂ စီးလောက်က ရပ်ထားရတယ်” လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် တစ်ဦးကဆိုပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ကုန်စည် ကူးသန်းရောင်း၀ယ်ရေးလုပ်ငန်းကို နှောင့်နှေးစေသလို၊ သယ်ယူပို့ဆောင်ရေးမှာ အတားအဆီး၊ အစစ်အဆေးများတဲ့ ကိစ္စရပ်တွေကလည်း ကုန်စည်စီးဆင်းမှုအပေါ် သက်ရောက်မှု တွေရှိခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးမှု၀ါဒ အပြောင်းအလဲအပြီး ကုန်သွယ်ရေးလုပ်ငန်းတွေ အရင်လို အလုပ်မဖြစ်တော့တာကလည်း ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပြီး၊ ငွေကြေးစီးဆင်းမှုအားနည်းနေတာ၊ အရောင်း အ၀ယ်တွေ အား နည်းသွားတာ၊ စီးပွားရေးလုပ်ငန်းတွေ လုပ်သာကိုင်သာမရှိတဲ့ အခြေအနေတွေကလည်း အဆိုပါ ကဏ္ဍအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။
အရောင်းအ၀ယ်လုပ်ငန်းတွေမှာ အရင်က အကြွေးစနစ်ကိုပါအသုံးပြုခဲ့ကြပေမဲ့ အခုအခါမှာ ငွေကြေးစီးဆင်းမှု အားနည်းနေတာကြောင့် လက်ငင်းစနစ်နဲ့သာ နိုင်သလောက် ရောင်း၀ယ် လုပ်ကိုင်နေကြရတာ ဖြစ်လို့ကုန်စည်ရရှိမှု အရင်ထက်လျော့နည်းလာတယ်လို့ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။
တစ်ဘက်မှာလည်း စက်သုံးဆီစျေးနှုန်းအပါအ၀င် စရိတ်စကတွေ မြင့်တက်နေတာကြောင့် သယ်ယူပို့ဆောင်ခ နှုန်းထားတွေကမြင့်တက်နေပါတယ်။ အခုအခြေအနေတွေအတိုင်း ဆက်ရှိနေမည်ဆိုပါက ရည်ရှည်မှာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေရပ်နားရတဲ့အထိ ဖြစ်လာနိုင်တာကြောင့် လုပ်ငန်းရှင် တွေက စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။