close

ကုန်ရရှိမှုနည်းလာသဖြင့် ကုန်စည်ပို့ဆောင်ရေးကားအချို့ ရပ်နားထားရ

အခုအချိန်ဟာ ပွင့်လင်းရာသီဖြစ်ပေမဲ့ ကုန်စည်ပို့ဆောင်ရေး  ကုန်ရရှိမှုနည်းနေတာကြောင့် ကုန် ကားတချို့ ရပ်နားထားရတယ်လို့ အဆိုပါလုပ်ငန်း အသိုင်းအ၀ိုင်းကနေ သိရပါတယ်။

ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ကုန်ရရှိဖို့ အခက်အခဲအပြင် လမ်းခရီး အချိန်ကြန့်ကြာမှုတွေကြောင့် ကုန်စည်စီးဆင်းမှုမှာလည်း လွယ်ကူချော့မွေ့မှုမရှိဘူးလို့ ဆိုကြပါ တယ်။

“ကုန်ရရှိမှုကနည်းတယ်။ ကုန်ရဖို့အတွက်ကို ကျနော်တို့ ယာဥ်ပိုင်းတွေအတော် အလုပ်လုပ်ရတယ်။ တစ်နေရာကနေ တစ်နေရာသွားတဲ့ အခါမှာလည်း အချိန်တွေအရမ်း ကြန့်ကြာတယ်။ လမ်းကြေး၊ စက်သုံးဆီစျေးတွေ တက်တယ်၊ ကားနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေကလည်း တက်တယ်ဆိုတော့ တွက်ခြေမကိုက်ကြတော့ဘူး။ အဲတော့တချို့လည်း ရပ်ထားရတယ်။ ကား ၅ စီး ရှိရင်၂ စီးလောက်က ရပ်ထားရတယ်” လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် တစ်ဦးကဆိုပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ကုန်စည် ကူးသန်းရောင်း၀ယ်ရေးလုပ်ငန်းကို နှောင့်နှေးစေသလို၊ သယ်ယူပို့ဆောင်ရေးမှာ အတားအဆီး၊ အစစ်အဆေးများတဲ့ ကိစ္စရပ်တွေကလည်း ကုန်စည်စီးဆင်းမှုအပေါ် သက်ရောက်မှု တွေရှိခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးမှု၀ါဒ အပြောင်းအလဲအပြီး ကုန်သွယ်ရေးလုပ်ငန်းတွေ အရင်လို အလုပ်မဖြစ်တော့တာကလည်း ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပြီး၊ ငွေကြေးစီးဆင်းမှုအားနည်းနေတာ၊ အရောင်း အ၀ယ်တွေ  အား နည်းသွားတာ၊ စီးပွားရေးလုပ်ငန်းတွေ လုပ်သာကိုင်သာမရှိတဲ့ အခြေအနေတွေကလည်း အဆိုပါ ကဏ္ဍအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။

အရောင်းအ၀ယ်လုပ်ငန်းတွေမှာ အရင်က အကြွေးစနစ်ကိုပါအသုံးပြုခဲ့ကြပေမဲ့  အခုအခါမှာ  ငွေကြေးစီးဆင်းမှု အားနည်းနေတာကြောင့် လက်ငင်းစနစ်နဲ့သာ နိုင်သလောက် ရောင်း၀ယ် လုပ်ကိုင်နေကြရတာ ဖြစ်လို့ကုန်စည်ရရှိမှု အရင်ထက်လျော့နည်းလာတယ်လို့ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။

တစ်ဘက်မှာလည်း စက်သုံးဆီစျေးနှုန်းအပါအ၀င် စရိတ်စကတွေ မြင့်တက်နေတာကြောင့် သယ်ယူပို့ဆောင်ခ နှုန်းထားတွေကမြင့်တက်နေပါတယ်။ အခုအခြေအနေတွေအတိုင်း ဆက်ရှိနေမည်ဆိုပါက ရည်ရှည်မှာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေရပ်နားရတဲ့အထိ ဖြစ်လာနိုင်တာကြောင့် လုပ်ငန်းရှင် တွေက စိုးရိမ်မှုတွေလည်း  ရှိနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up