အသင်းရလဒ်မကောင်းရင် ထုတ်ပယ်ခံရမှာကို ကြိုတင်သိရှိပြီးသားဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၇ ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ မှာ ရပ်တည်နေတာပါ။
အသင်းရလဒ် မကောင်းခဲ့ရင် တရားခံဟာ မိမိဖြစ်လာမှာကို သိရှိနားလည်ကြောင်း၊ အသင်းပိုင်ရှင် တော့ဘိုလီနဲ့လည်း ဆက်ဆံရေးကောင်းမွန်ပြီး တစ်ဦးကိုတစ်ဦး နားလည်မှုရှိကြောင်း နည်းပြ ဂရေဟမ်ပေါ်တာက ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ အခုနှစ်ရာသီမှာ ပေါင်သန်း ၆၀၀ ခန့်အထိ အသုံးပြုထားပေမဲ့ ရလဒ်ကောင်း မရသေးတဲ့အပေါ် နည်းပြပေါ်တာမှာ ဖိအားရှိနေတာပါ။
ချဲလ်ဆီးဟာ စနေနေ့ ည ၇ နာရီမှာ ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီပွဲကျပ်အဖြစ် ယှဉ်ပြိုင်ကစား သွားရမှာဖြစ်ပါတယ်။
လီဗာပူးအသင်း ရလဒ်မကောင်းဖြစ်နေတဲ့အပေါ် အကြောင်းပြချက်ပေးရန် ခက်ခဲကြောင်း နောက်ခံလူဗန်ဒိုက်က ပြောပါတယ်။
လီဗာပူးဟာ ပွဲစဉ် ၈ ပွဲကစားအပြီးမှာ ၂ ပွဲသာအနိုင်ရထားပြီး အမှတ်ပေးဇယားဒုတိယနေရာက မန်စီးတီးနဲ့ ၁၃ မှတ်၊ ပထမနေရာက အာဆင်နယ်နဲ့ ၁၄ မှတ် အထိ ကွာဟနေတာပါ။
ဒီလိုရလဒ်မကောင်းဖြစ်နေတဲ့အပေါ် တိုက်ရိုက်ဖြေရှင်းနည်းတစ်ခုရှာဖို့ ခက်ခဲပြီး အသင်းသားအားလုံး စုစည်းညီညွတ်စွာနဲ့ ကစားသွားရမှာဖြစ်ကြောင်း ဗန်ဒိုက်က ပြောပါတယ်။
အလုပ်ကြိုးစားမှုတွေနဲ့ ခြေစွမ်းတိုးတက်လာမှုတွေကို ဆက်ထိန်းသွားရမှာဖြစ်ကြောင်းလည်း ဗန်ဒိုက်က ပြောသွားပါတယ်။ လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ဟာ ဒီကနေ့ ည ၁၀ နာရီမှာ အမ်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။