ရဝမ်ဒါနိုင်ငံ မြောက်ပိုင်းနဲ့အနောက်ပိုင်း ဒေသတွေမှာ မေ ၂ ရက်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် အနည်းဆုံးလူပေါင်း ၁၃၀ သေဆုံးခဲ့ရပြီး လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
ဒီလို ကပ်ဘေးကြီးကိုဖြစ်ပေါ်စေခဲ့တဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေ ၅ ထောင် ကျော်နဲ့အတူ မရေမတွက်နိုင်တဲ့ လယ်ကွင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ရဝမ်ဒါအနောက်ပိုင်း ကာရွန်ဂီ (Karongi) ခရိုင်ရှိ ဘူဖူနေး(Bupfune) ကျေးရွာဟာ အဆိုးရွားဆုံး ထိခိုက်ပျက်စီးခဲ့တဲ့ ဒေသတွေထဲကတခုဖြစ်ပါတယ်။
ကျေးရွာသားတွေအနေနဲ့ သေဆုံးသူတွေကို မြှုပ်နှံပေးဖို့ ကြိုးပမ်းနေစဉ်မှာပဲ ရေမြင့်တက်လာမှုနဲ့ ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ကယ်ဆယ်ရေး လုပ်ငန်းစဉ်ကို ဦးဆောင်ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့တွေ အပါအဝင် ကြက်ခြေနီဝန်ထမ်းတွေကိုပါ ဖြန့်ကျက် နေရာချထားတယ်လို့လည်း သိရပါတယ်။
အန္တရာယ်များတဲ့ဒေသတွေက ပြည်သူတွေကို ဘေးလွတ်ရာဆီ ပြောင်းရွှေ့ပေးခဲ့တဲ့အပြင် စာသင်ကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ခေတ္တခိုလှုံခွင့်ပေးထားသလို အရေးပေါ် အကူအညီတွေလည်း ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ရဝမ်ဒါနိုင်ငံရဲ့ အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနကတော့ ကျန်ရစ်သူမိသားစုတွေအတွက် အမေရိကန်ဒေါ်လာ ၁၀၀ နီးပါးစီ ခွဲပေးခဲ့တယ်လို့ ဆိုပါတယ်။
ရဝမ်ဒါမှာ ဧပြီလ နောက်ဆုံးသီတင်းပတ်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုနဲ့ ရွှံ့မြေပြိုမှုတို့ကြောင့် အနည်းဆုံး လူ ၁၂၉ ဦး သေဆုံးခဲ့ပြီး သေဆုံးသူဦးရေ ဆက်လက်မြင့်တက်နေတယ်လို့ ရဝမ်ဒါအသံလွှင့်အေဂျင်စီက ထုတ်ပြန်ထားပြီး ပြင်းထန်တဲ့ ရာသီဥတုကြောင့် ဒုက္ခသည်တွေကို ညလုံးပေါက် ကူညီကယ်ဆယ်နေပါတယ်။
ဒါဟာ နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးမှု အမြင့်ဆုံးဖြစ်နိုင်တယ်လို့ အစိုးရကျောထောက်နောက်ခံပြု News Time သတင်းစာက ရေးသားဖော်ပြပါတယ်။
သဘာဝပတ်ဝန်းကျင်စနစ်ဆိုင်ရာ ကထိက လက်စလီမက်ဒ်ဘွန်က “ရဝမ်ဒါမှာ ရေကြီးတာက သဘာဝဘေးထက် ဆိုးတဲ့အရာ မရှိဘူးဆိုတာ ကျနော်တို့ကို သတိပေးနေတယ်။ တကမ္ဘာလုံးက မညီညာတဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွေအပြင် နိုင်ငံရေးနဲ့ စီမံကိန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေလည်း မတူညီကြဘူး။ တချိန်တည်းမှာပဲ ရာသီဥတုဖောက်ပြန်တာဟာ အခုလို အလွန်အမင်း မိုးရွာသွန်းမှုတွေကိုလည်း တိုးလာစေတယ်” လို့ ပြောပါတယ်။
ဇန်နဝါရီမှ ဧပြီလအထိ ရာသီဥတုနဲ့ဆက်နွှယ်တဲ့ ဘေးအန္တရာယ်ကြောင့် လူ ၆၀ သေဆုံးခဲ့ပြီး နိုင်ငံတဝန်း အိမ်ခြေပေါင်း ၁,၂၀၅ လုံးနဲ့ မြေဧက ၅,၀၀၀ ခန့် ပျက်စီးခဲ့ပြီး အစိုးရက ရေဝပ်ဒေသမှာနေထိုင်တဲ့ ပြည်သူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။
ရဝမ်ဒါရဲ့ အိမ်နီးချင်းနိုင်ငံ ယူဂန်ဒါနိုင်ငံမှာလည်း ပြီးခဲ့တဲ့တပတ်က ရေကြီးမှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး ရဝမ်ဒါ မိုးလေဝသအေဂျင်စီက မိုးပိုလာမယ်လို့ ခန့်မှန်းထားပါတယ်။