ရဝမ်ဒါတွင် မိုးသည်းထန်ရေကြီးပြီး သေဆုံးသူ ၁၂၉ ဦးကျော်ရှိ

ရဝမ်ဒါမှာ ဧပြီလ နောက်ဆုံးသီတင်းပတ်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုနဲ့ ရွှံ့မြေပြိုမှုတို့ကြောင့် အနည်းဆုံး လူ ၁၂၉ ဦး သေဆုံးခဲ့ပြီး သေဆုံးသူဦးရေ ဆက်လက်မြင့်တက်နေတယ်လို့ ရဝမ်ဒါအသံလွှင့်အေဂျင်စီက ထုတ်ပြန်ထားပြီး ပြင်းထန်တဲ့ ရာသီဥတုကြောင့် ဒုက္ခသည်တွေကို ညလုံးပေါက် ကူညီကယ်ဆယ်နေပါတယ်။
ဒါဟာ နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးမှု အမြင့်ဆုံးဖြစ်နိုင်တယ်လို့ အစိုးရကျောထောက်နောက်ခံပြု News Time သတင်းစာက ရေးသားဖော်ပြပါတယ်။
သဘာဝပတ်ဝန်းကျင်စနစ်ဆိုင်ရာ ကထိက လက်စလီမက်ဒ်ဘွန်က “ရဝမ်ဒါမှာ ရေကြီးတာက သဘာဝဘေးထက် ဆိုးတဲ့အရာ မရှိဘူးဆိုတာ ကျနော်တို့ကို သတိပေးနေတယ်။ တကမ္ဘာလုံးက မညီညာတဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွေအပြင် နိုင်ငံရေးနဲ့ စီမံကိန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေလည်း မတူညီကြဘူး။ တချိန်တည်းမှာပဲ ရာသီဥတုဖောက်ပြန်တာဟာ အခုလို အလွန်အမင်း မိုးရွာသွန်းမှုတွေကိုလည်း တိုးလာစေတယ်” လို့ ပြောပါတယ်။
ဇန်နဝါရီမှ ဧပြီလအထိ ရာသီဥတုနဲ့ဆက်နွှယ်တဲ့ ဘေးအန္တရာယ်ကြောင့် လူ ၆၀ သေဆုံးခဲ့ပြီး နိုင်ငံတဝန်း အိမ်ခြေပေါင်း ၁,၂၀၅ လုံးနဲ့ မြေဧက ၅,၀၀၀ ခန့် ပျက်စီးခဲ့ပြီး အစိုးရက ရေဝပ်ဒေသမှာနေထိုင်တဲ့ ပြည်သူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။
ရဝမ်ဒါရဲ့ အိမ်နီးချင်းနိုင်ငံ ယူဂန်ဒါနိုင်ငံမှာလည်း ပြီးခဲ့တဲ့တပတ်က ရေကြီးမှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး ရဝမ်ဒါ မိုးလေဝသအေဂျင်စီက မိုးပိုလာမယ်လို့ ခန့်မှန်းထားပါတယ်။