close

ရာဂျာပက်ဆာ

close

July 15, 2022

နိုင်ငံမှထွက်ပြေးခဲ့သည့် သီရိလင်္ကာသမ္မတ စင်ကာပူရောက်

နိုင်ငံကနေ ထွက်ပြေးသွားတဲ့ သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာဟာ သူ့နိုင်ငံရဲ့ စီးပွားရေး ပြိုလဲမှုကြောင့် လူထုဆန္ဒပြပွဲတွေကနေ ကိုယ်လွတ်ရုန်းလာပြီးနောက် ဇူလိုင် ၁၄ ရက်က စင်ကာပူနိုင်ငံကို ရောက်ရှိလာပါတယ်။

ရုပ်သံဗွီဒီယိုတခုမှာတော့ သမ္မတကို တင်ဆောင်လာတဲ့လေယာဉ် စင်ကာပူမြေပြင်မှာ ဆင်းသက်နေတာကို ရိုက်ကူးထားပါတယ်။

ယိုင်နဲ့လဲပြိုနေတဲ့ နိုင်ငံ့စီးပွားရေး အကျပ်အတည်းထဲမှာ မိသားစုရဲ့ အခန်းကဏ္ဍကြောင့် ဗုဒ္ဓဟူးနေ့က မော်လ်ဒိုက်ကို ထွက်ပြေးခဲ့တဲ့ ရာဂျာပက်ဆာဟာ ဆော်ဒီအာရေးဗီးယား လေကြောင်းလိုင်း လေယာဉ်နဲ့ စင်ကာပူကို ဦးတည်သွားခဲ့ကြောင်း နီးစပ်သူတဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

အမည်မဖော်လိုတဲ့ လေယာဉ်ပေါ်ရှိ ခရီးသည်တဦးက ရာဂျာပက်ဆာကို လုံခြုံရေးအစောင့်အဖွဲ့တဖွဲ့က တွေ့ဆုံခဲ့ပြီး အနက်ရောင်ယာဉ်တန်းနဲ့ လေဆိပ် VIP ဧရိယာကနေ ထွက်ခွာသွားတာကို မြင်တွေ့ခဲ့ရကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရာဂျာပက်ဆာဟာ နိုင်ငံထဲကို သီးသန့်လာရောက်လည်ပတ်တာဖြစ်ပြီး ခိုလှုံခွင့် မတောင်းခံခဲ့ကြောင်း၊ ခိုလှုံခွင့်လည်း မပေးကြောင်း ပြောကြားပါတယ်။

ရာဂျာပက်ဆာဟာ ဗုဒ္ဓဟူးနေ့မှာ ရာထူးကနေ နုတ်ထွက်မယ်လို့ ကတိပေးခဲ့ပေမဲ့ မလုပ်ဆောင်ခဲ့ဘဲ အကျပ်အတည်း ကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံမှာ မသေချာ မရေရာမှုတွေကို အသစ်တဖန် နှိုးဆွပေးခဲ့တာ ဖြစ်ပါတယ်။

2 mins Ago

July 13, 2022

သီရိလင်္ကာသမ္မတ ရာဂျာပက်ဆာ မော်လ်ဒိုက်နိုင်ငံသို့ ထွက်ပြေး

သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာဟာ ဇူလိုင်လ ၁၃ ရက် အစောပိုင်းမှာ နိုင်ငံတွင်းကနေ ထွက်ပြေးသွားပြီဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရဲ့ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြမှုတွေအပြီး ရာထူးကနေနုတ်ထွက်ဖို့ နာရီပိုင်းအလိုမှာပဲ ထွက်ပြေးသွားတာပါ။

ရာဂျာပက်ဆာ၊ သူ့ဇနီးနဲ့ သက်တော်စောင့် နှစ်ယောက်ဟာ သီရိလင်္ကာလေတပ်လေယာဉ်နဲ့ မော်လ်ဒိုက်နိုင်ငံမြို့တော် မာလေကို ထွက်ခွာသွားခဲ့ကြောင်း အမည်မဖော်လိုတဲ့ အစိုးရအရာရှိတွေနဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကို ကိုးကားပြီး သတင်းအေဂျင်စီတွေက ဖော်ပြခဲ့ပါတယ်။

ရာဂျာပက်ဆာဟာ နိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်က ပြောကြားပေမဲ့ အသေးစိတ် အချက်အလက်တွေကို ပြောကြားခြင်းမရှိပါဘူး။ 

AFP သတင်းဌာနကတော့ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက မာလေကို ရောက်ရှိလာခဲ့တယ်လို့ ဖော်ပြပါတယ်။

ဇူလိုင် ၉ ရက်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက သမ္မတအိမ်တော်နဲ့ ဝန်ကြီးချုပ်စံအိမ်တွေကို ဝင်စီးပြီး ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြတာကြောင့် စည်းလုံးညီညွတ်တဲ့ အစိုးရတစ်ရပ် ထူထောင်ဖို့ ရာဂျာပက်ဆာဟာ ဗုဒ္ဓဟူးနေ့မှာ သမ္မတရာထူးမှ နုတ်ထွက်ဖို့ စီစဉ်ထားတာပါ။

သမ္မတကို ဇူလိုင် ၈ ရက်  သောကြာနေ့ကတည်းက လူမြင်ကွင်းမှာ မတွေ့ခဲ့ရပါဘူး။ နိုင်ငံရဲ့ ပါလီမန်ဟာ ဇူလိုင် ၂၀ ရက်မှာ သမ္မတအသစ်ရွေးချယ်ဖို့ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ 

2 days Ago
Up