နိုင်ငံမှထွက်ပြေးခဲ့သည့် သီရိလင်္ကာသမ္မတ စင်ကာပူရောက်

နိုင်ငံကနေ ထွက်ပြေးသွားတဲ့ သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာဟာ သူ့နိုင်ငံရဲ့ စီးပွားရေး ပြိုလဲမှုကြောင့် လူထုဆန္ဒပြပွဲတွေကနေ ကိုယ်လွတ်ရုန်းလာပြီးနောက် ဇူလိုင် ၁၄ ရက်က စင်ကာပူနိုင်ငံကို ရောက်ရှိလာပါတယ်။
ရုပ်သံဗွီဒီယိုတခုမှာတော့ သမ္မတကို တင်ဆောင်လာတဲ့လေယာဉ် စင်ကာပူမြေပြင်မှာ ဆင်းသက်နေတာကို ရိုက်ကူးထားပါတယ်။
ယိုင်နဲ့လဲပြိုနေတဲ့ နိုင်ငံ့စီးပွားရေး အကျပ်အတည်းထဲမှာ မိသားစုရဲ့ အခန်းကဏ္ဍကြောင့် ဗုဒ္ဓဟူးနေ့က မော်လ်ဒိုက်ကို ထွက်ပြေးခဲ့တဲ့ ရာဂျာပက်ဆာဟာ ဆော်ဒီအာရေးဗီးယား လေကြောင်းလိုင်း လေယာဉ်နဲ့ စင်ကာပူကို ဦးတည်သွားခဲ့ကြောင်း နီးစပ်သူတဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
အမည်မဖော်လိုတဲ့ လေယာဉ်ပေါ်ရှိ ခရီးသည်တဦးက ရာဂျာပက်ဆာကို လုံခြုံရေးအစောင့်အဖွဲ့တဖွဲ့က တွေ့ဆုံခဲ့ပြီး အနက်ရောင်ယာဉ်တန်းနဲ့ လေဆိပ် VIP ဧရိယာကနေ ထွက်ခွာသွားတာကို မြင်တွေ့ခဲ့ရကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရာဂျာပက်ဆာဟာ နိုင်ငံထဲကို သီးသန့်လာရောက်လည်ပတ်တာဖြစ်ပြီး ခိုလှုံခွင့် မတောင်းခံခဲ့ကြောင်း၊ ခိုလှုံခွင့်လည်း မပေးကြောင်း ပြောကြားပါတယ်။
ရာဂျာပက်ဆာဟာ ဗုဒ္ဓဟူးနေ့မှာ ရာထူးကနေ နုတ်ထွက်မယ်လို့ ကတိပေးခဲ့ပေမဲ့ မလုပ်ဆောင်ခဲ့ဘဲ အကျပ်အတည်း ကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံမှာ မသေချာ မရေရာမှုတွေကို အသစ်တဖန် နှိုးဆွပေးခဲ့တာ ဖြစ်ပါတယ်။