ရာသီဥတုဖောက်ပြန်မှုဟာ အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ကုလသမဂ္ဂအထွေထွေညီလာခံမှာ စက်တင်ဘာ ၂၀ ရက်က ပြောပါတယ်။
ရာသီဥတုဖောက်ပြန်မှုရဲ့ အကျိုးဆက်တွေက မညီမမျှဖြစ်ပြီး တာဝန်အနည်းဆုံးသူတွေက အများဆုံး ခံစားနေကြရတယ်လို့လည်း သူက ပြောပါတယ်။
၁၉၈၆ ခုနှစ် တော်လှန်ရေးမှာ ဖြုတ်ချခံခဲ့ရတဲ့ ဖာဒီနန်မားကို့စ်ရဲ့သား မားကို့ဂျူနီယာဟာ ဇွန်လ ၃၀ ရက်နေ့မှာ ဖိလစ်ပိုင်သမ္မတရာထူးကို စတင်တာဝန်ယူခဲ့တာပါ။
သမ္မတရာထူး ပြန်ယူဖို့နဲ့ သူ့ရဲ့ပုံရိပ်ကို ပြန်ထူထောင်ဖို့ ဆယ်စုနှစ် အများကြီးကြာအောင် ကြိုးပမ်းခဲ့အပြီး မေလရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့သူဖြစ်ပါတယ်။
သူ့ဖခင် ဖိလစ်ပိုင်အာဏာရှင် ဖာဒီနန်မားကို့စ်ဟာ ၁၉၆၅ ခုနှစ်ကနေ ဆယ်စုနှစ် နှစ်ခုကြာ အုပ်ချုပ်ခဲ့ပြီး သက်တမ်းထက်ဝက်နီးပါးကို စစ်အုပ်ချုပ်ရေးအောက်မှာ အုပ်ချုပ်ခဲ့တာပါ။
အဲဒီအချိန်က ထောင်နဲ့ချီတဲ့ ပြိုင်ဘက်တွေကို ထောင်သွင်းအကျဉ်းချ သတ်ဖြတ်တာ ဒါမှမဟုတ် ပျောက်ကွယ်သွားအောင်လုပ်တာတွေ ရှိခဲ့ပြီး နိုင်ငံပိုင်ကြွယ်ဝမှု ဒေါ်လာ ဘီလီယံပေါင်းများစွာ လုယူခံခဲ့ရပါတယ်။ မားကို့စ်မိသားစုကတော့ အာဏာအလွဲသုံးစားလုပ်မှုကို ငြင်းဆိုထားပါတယ်။
ပေါ်တူဂီနိုင်ငံမှာ အပူလှိုင်းကြောင့် သေဆုံးသူ အယောက် ၁၀၀၀ ကျော် ရှိပြီလို့ ကျန်းမာရေး အကြီးအကဲက ဇူလိုင် ၁၉ ရက်မှာ သတိပေးခဲ့ပါတယ်။
ပေါ်တူဂီဟာ အပူဒဏ်ကို ပိုခံရနိုင်တဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ တခုအပါအဝင်ဖြစ်တာကြောင့် ရာသီဥတု ဖောက်ပြန်မှုရဲ့ အကျိုးသက်ရောက်မှုတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားဖို့လိုကြောင်း ကျန်းမာရေးအာဏာပိုင် DGS အကြီးအကဲ ဂရာဆာ ဖရေးတပ်စ်က ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။
ပေါ်တူဂီနိုင်ငံတဝန်း အပူချိန်ဟာ ပြီးခဲ့တဲ့ အပတ်က ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) ကျော်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ရက်တွေအတွင်း အပူချိန်ဟာ တနှစ်ပတ်လုံး ပုံမှန်အဆင့်ထက် ပိုပူနေသေးတယ်လို့ ဖရေးတပ်စ်က ပြောပါတယ်။
ဇူလိုင် ၇ ရက်မှ ၁၃ ရက်အထိ အပူလှိုင်းကြောင့် သေဆုံးသူ ၂၃၈ ဦးရှိခဲ့တယ်လို့ DGS က အရင်က အစီရင်ခံတင်ပြခဲ့ပေမယ့် သေဆုံးသူ အရေအတွက်မှာ ဇူလိုင် ၁၈ ရက်မှာတော့ ၁၀၆၃ ဦးအထိ တိုးလာတယ်လို့ ဖရေးတပ်စ်က ပြောခဲ့ပါတယ်။
မိုးခေါင်ရေရှားမှုဒဏ်ခံရတဲ့ ပေါ်တူဂီနိုင်ငံ တဝန်း တောမီးအများအပြား လောင်ကျွမ်းရတာဟာ အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ခြင်းနဲ့ သစ်တောစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့်လို့ အပြစ်တင်ထား ပါတယ်။
အချက်အလက်တွေအရ အပူလှိုင်းကြောင့် သေဆုံးနိုင်ခြေ အများဆုံးသူတွေဟာ သက်ကြီးရွယ်အိုတွေလို့ လစ်စဘွန်းတက္ကသိုလ်ရဲ့ သိပ္ပံဌာနမှ သုတေသနပညာရှင် ကားလို့စ် အန်တူးနက်စ်က ပြောပါတယ်။
အနာဂတ်မှာ သေဆုံးသူအရေအတွက်ဟာ ပြည်သူတွေ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ချမှတ်ထားတဲ့ ကြိုတင်ကာကွယ်မှု အစီအမံတွေ၊ ပြုစုစောင့်ရှောက်ပေးပုံတွေနဲ့ အခြေခံအဆောက်အအုံတွေ လိုက်လျောညီထွေ ရှိတာတွေအပေါ် မူတည်မယ်လို့ သူက ပြောပါတယ်။
“ရာသီဥတုဖောက်ပြန်မှုနဲ့အတူ၊ ဒီသေဆုံးနှုန်း ပိုမိုပြင်းထန်လာမယ်လို့ မျှော်လင့်ရပြီး ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ ပြည်သူ့ကျန်းမာရေးအဆင့်မှာ တိုင်းတာဖို့ လိုတယ်” လို့ အန်တူးနက်စ်က ပြောခဲ့ပါတယ်။