ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ရဲ့ တောင်ကုန်းပေါ်ရှိ အမှတ် ၂ စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းက ရိက္ခာထုတ်ပြီးအပြန်မှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ မြို့ပေါ် ရိက္ခာထုတ်ပြီးအပြန်လမ်းမှာ အသင့်တပ်ဆင်ထားတဲ့ အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်ခံရတာဖြစ်ပြီး စုစုပေါင်း စစ်သား ၆ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
Mountain Eagle Defence Force တာဝန်ရှိသူ တစ်ဦးက "သူတို့ ရိက္ခာသယ်ပြီး အပြန်မှာ အသင့်ပြင်ထားတဲ့ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ အကြမ်းဖက်စစ်သား ငါးယောက်က အဲ့ဒီမှာ ပွဲချင်းပြီးသေတယ်။ ကျန်တဲ့ တယောက်ကတော့ ညနေပိုင်းမှာသေသွားတယ်လို့ သိရတယ်။ သူတို့လူသေပြီးနောက်ပိုင်း အကုန်လိုက်ပတ်ရမ်းနေတယ်" လို့ ပြောပါတယ်။
မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ပြန်လည် ပစ်ခတ်တာတွေ ရှိခဲ့ပြီး သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်အလောင်းတွေကို အနီးဝန်းကျင်က နေအိမ်ထဲထည့်ကာ မီးရှို့သွားကြတယ်လို့ သိရပါတယ်။
ဒဏ်ရာရတဲ့ စစ်သားတချို့ကိုတော့ ရိဒ်အမှတ် ၁ စခန်းဆီသယ်ဆောင်သွားကြတယ်လို့သိရပြီး မြို့တွင်းရှိ ဆိုင်တွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ပိတ်ခိုင်းခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ရိခေါ်ဒါရ်မြို့ဟာ အိန္ဒယနဲ့ မြန်မာနိုင်ငံက ချင်းပြည်နယ်အစပ်မှာတည်ရှိပြီး ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကလည်း ချင်းပြည်နယ်ကာကွယ်ရေးတပ်ပေါင်းစုတွေနဲ့ ရိခေါဒါရ်တပ်စခန်းက စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားကာ စစ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့နားမှာ မတ်လ ၅ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားတယ်လို့ PDF-Zoland ကနေ သိရပါတယ်။
ရိခေါ်ဒါရ်မြို့က စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ မနက်ပိုင်းမှာ ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ PDF-Zoland ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ပွဲကို PDF-Zoland ၊ CDM-Siyin ၊ CNDF ၊ CNA နဲ့ CDF-Hualngo တို့ ညီနောင်မဟာ မိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ဒဏ်ရာရတဲ့သူ တချို့ ရှိတယ်လို့ ဆိုပါတယ်။
“အိန္ဒိယ-မြန်မာ နယ်စပ်က ရိခေါ်ဒါရ်မြို့ အမှတ် ၂ ရက်ကွက် တီအိုချောင်းနံဘေးက တောင်ကုန်းပေါ်မှာ ဒီကနေ့မနက် ၅ နာရီလောက်က ချင်းပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်တာဟုတ်ပါတယ်ဗျ။ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံတွေ တစ်နာရီကျော်လောက် ဆက်တိုက်ကြားရတယ်”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြောင့် ရိခေါ်ဒါရ်မြို့က ဒေသခံပြည်သူ ၁၀၀၀ ကျော်လောက်ဟာ အိန္ဒိယ နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပြီး အိန္ဒိယနိုင်ငံဘက်ကလည်း လုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။